Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံဖြင့် သရုပ်ပြယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ် မအိမွန်လွင် ထောင်ဒဏ် လေးနှစ်အမိန့်ချမှတ်ခံရဟု ဆိုရှယ်မီဒီယာများပေါ်၌ ပျံ့နှံ့နေမှုများသည် သတင်းအ မှားများ ဖြစ်သည်။
၂၀၂၆ မေ ၁၀ရက်တွင် ဖေ့ဘွတ်ခ်သုံးစွဲသူများအကြားတွင် သီလရှင်ဝတ်စုံ ဝတ်ဆင်၍ မော်ဒယ်လျှောက်ခဲ့သော တာချီလိတ် အလှမယ် မအိမွန်လွင်ကို ထောင်ဒဏ် လေးနှစ်၊ ပွဲစီစဉ်သူ မရမ်ဆိုင်းနော်ကို ထောင်ဒဏ် လေးနှစ်၊ Eravati Sule Grand Yangon ဟိုတယ်မန်နေဂျာကို ထောင်ဒဏ် ခြောက်လ စစ်ကောင်စီလက်အောက်ခံ တရားရုံးက အမိန့်ချမှတ်ကြောင်း ပျံ့နှံ့နေခြင်းဖြစ်သည်။
သတင်းအမှားလင့်ခ်များ
Nathan Moon – https://archive.ph/fALIv
HotTrend Media – https://archive.ph/tr5VS
Yangon Entertainments – https://archive.ph/X6IES
Khit Thit Media, Voice of Myanmar, Ayeyarwaddy Times သတင်းဌာနတို့ကလည်း သီလရှင်ဝတ်စုံ ဝတ်ဆင် ယှဉ်ပြိုင်သူ အလှမယ်နှင့် ပွဲစီစဉ်သူများ ထောင်ဒဏ်များ ချမှတ်ခံရကြောင်း သတင်းအမှားများ ဖြန့်ဝေထားသည်။
မီဒီယာများ တင်ထားသော သတင်းအမှားလင့်ခ်များ
Khit Thit – https://archive.ph/0n3p5
VOM – https://archive.ph/vxpXg
Ayeyarwaddy Times – https://archive.ph/mToNm
MPA သတင်းဌာနကလည်း အဆိုပါ သတင်းအမှားအကြောင်းအရာကို မေ ၁၀ ရက်တွင် စာဖတ်သူများထံ ဖော်ပြမိခဲ့သည်။
ထိုသို့ သတင်းမှားယွင်းဖော်ပြမိခြင်းအတွက် အမှားပြင်ဆင်ချက်နှင့် တောင်းပန်လွှာကို ၂၀၂၆ မေ ၁၁ရက် မွန်းလွဲပိုင်းတွင် ဖော်ပြထားပြီးဖြစ်ပါသည်။
MPA၏ တောင်းပန်လွှာလင့်ခ် – https://bitly.cx/8Nicy
သတင်းမီဒီယာအချို့နှင့် ဖေ့ဘွတ်ခ်တို့တွင် ပျံ့နှံ့နေသော တာချီလိတ် အလှမယ်ထောင်ချခံရသည်ကိစ္စကို MPA Fact-Check teamက အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
မေ ၅ရက်တွင် Miss Grand Myanmar အဖွဲ့အစည်းက သီလရှင်ဝတ်စုံ ဝတ်ဆင်ယှဉ်ပြိုင်ခဲ့သူ တာချီလိတ် အလှမယ်ကို ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း တရားဝင် အသိပေးခဲ့သည်။
ထုတ်ပယ်ကြောင်း ကြေညာချက်လင့်ခ် – https://bitly.cx/LhZyr
ခွင့်ပြုချက်မရှိဘဲ Miss Grand Myanmar အလှမယ်ပြိုင်ပွဲကျင်းပခဲ့သည့် ရန်ကုန်မြို့ရှိ Eravati Sule Yangon ဟိုတယ်ကို ၆ လ ယာယီပိတ်လိုက်ကြောင်း DVB သတင်းဌာနက ဖော်ပြထားသည်။
တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် စစ်အုပ်စုလက်အောက်ခံ ရန်ကုန် ကျောက်တံတားမြို့နယ် ရဲစခန်း၌ အမှုဖွင့်ထားကြောင်း DVB သတင်းဌာနက ဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/Sn8l
ရာဇသတ်ကြီး ပုဒ်မ-၂၉၅(က)၏ အမြင့်ဆုံး ပြစ်ဒဏ်သည် ထောင်ဒဏ် ၂နှစ်နှင့် ငွေဒဏ်အထိသာ ချမှတ်နိုင်သည်။
သက်သေပြချက်လင့်ခ် – https://bitly.cx/1tx88
ရာဇသတ်ကြီး ပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုခြင်းခံဖူးသူတစ်ဦးက ထောင်ဒဏ်လေးနှစ်ချမှတ်ခံရခြင်းသည် မဖြစ်နိုင်ကြောင်း MPA Fact-Check teamကို ဖြေဆိုသည်။
“ ၂၉၅(က)ရဲ့ အမြင့်ဆုံးပြစ်ဒဏ်က ၂နှစ်နဲ့ ငွေဒဏ်ပဲ။ ဒီထက် မများဘူး။ အခြားပုဒ်မထပ်ရှိမှ လေးနှစ်ဖြစ်နိုင်မယ်။ ၂၉၅(က)နဲ့ လေးနှစ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး” ဟု ပြောသည်။
အလှမယ်နှင့် ပြိုင်ပွဲတာဝန်ရှိသူများကို ကျောက်တံတားရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေဆဲဖြစ်ပြီး၊ ယင်းမြို့နယ် သည် အရပ်ဖက်တရားရုံးဖြစ်သည့်အတွက် စစ်ခုံရုံးမြို့နယ်များကဲ့သို့ အမိန့်ချက်ချင်းချမှတ်၍ မရပေ။
Missosology Myanmar က မေ ၁၀ရက်တွင် အွန်လိုင်းပေါ်၌ ပျံ့နှံ့နေသော သတင်းများမှာ သတင်းအမှား ကောလာဟလများသာဖြစ်ကြောင်း ဖြေရှင်းထားသည်။
Miss Grand Myanmar National Director ပွဲစီစဥ်သူ မရမ်ဆိုင်းနော် ၊ ပွဲဖြစ်မြောက်ရေး တာဝန်ခံ မရမ်လုလုအောင် ၊ တာချီလိတ်မြို့ကိုယ်စားပြု အလှမယ် မအိမွန်လွင် နှင့် City Director ဦးသန့်ဇင်ဦးတို့ လေးဦးသည် ကျောက်တံတားမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ရမန်ကြီး တပတ်ယူထားကြောင်း ဖြေရှင်းထားသည်။
သက်သေပြချက်လင့်ခ် – https://bitly.cx/3kDPq
တာချီလိတ်အလှမယ်ကို ရမန် (၇ရက်) ယူထားဆဲသာဖြစ်ပြီး အမိန့်ချမှတ်လိုက်ပြီဆိုသည်မှာ သတင်းအမှားများ ဖြစ်ကြောင်း Missosology Myanmar ၏ ဖြေရှင်းချက်ကို ကိုးကား၍ One News Myanmar က သတင်းရေး ထားသည်။
သတင်းလင့်ခ် – https://bitly.cx/P5vzv
Myitkyina News Journal က မေ ၁၀ရက်တွင် အလှမယ်ထောင်ဒဏ်ချမှတ်ခံရသော သတင်းသည် သတင်း အမှားဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/49fC
သုံးသပ်ချက်
သီလရှင်ဝတ်စုံ ဝတ်ဆင်၍ မော်ဒယ်လျှောက်ခဲ့သူ တာချီလိတ်အလှမယ်နှင့် တာဝန်ရှိသူများကို ကျောက်တံ တားရဲစခန်း၌ ခေါ်ယူစစ်ဆေးမေးမြန်းနေဆဲဖြစ်သည်။
လက်ရှိတွင် ရမန်ယူထားဆဲဖြစ်ပြီး အပြီးသတ်အမိန့် ချမှတ်ခြင်း မရှိသေးပေ။
သတင်းမီဒီယာအချို့နှင့် ဖေ့ဘွတ်ခ်တွင် အလှမယ်နှင့် ပွဲကျင်းပသော တာဝန်ခံများကို ထောင်ဒဏ်များ အသီးသီး ချမှတ်ဟု ပျံ့နှံ့နေခြင်းသည် တိကျခိုင်မာမှု မရှိသော သတင်းအမှားများဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
