By Bangkok Post
“နူးချန်” (Noo Chen) ဟု လူသိများသည့် ထိုင်းမူးယစ်ရာဇာ သာပနန် (Thapanan) ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်း၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ထိုင်းအာဏာပိုင်များက အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
သာပနန်၏ လုပ်ငန်းအတိုင်းအတာနှင့် ဩဇာလွှမ်းမိုးမှုမှာ ကွယ်လွန်သွားပြီဖြစ်သော မူးယစ်ရာဇာကြီး ခွန်ဆာ (Khun Sa) နှင့်ပင် နှိုင်းယှဉ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။
သာပနန်သည် ဝရမ်းပေါင်း ၆၀ ကျော်ဖြင့် ၁၄ နှစ်တိုင်တိုင် ဖမ်းမမိအောင် တိမ်းရှောင်နိုင်ခဲ့သူဖြစ်ပြီး ၎င်းကို ဧပြီလ ၆ ရက်နေ့တွင် ဆိုးလ်မြို့၌ ဖမ်းဆီးရမိခဲ့ခြင်းမှာ ထိုင်း၊ လာအို၊ ဂျပန်နှင့် တောင်ကိုရီးယား အာဏာပိုင်များ ပူးပေါင်းစုံစမ်းစစ်ဆေးခဲ့သည့် ရလဒ်ဖြစ်သည်။
၎င်းသည် ဖမ်းဆီးခံရမှုမှ လွတ်မြောက်စေရန် လူမှုကွန်ရက်ပေါ်တွင် ၎င်းသေဆုံးသွားပြီဖြစ်ကြောင်း သတင်းအမှားများ ဖြန့်ဝေခဲ့သည့်အပြင် မျက်နှာသွင်ပြင် ပြောင်းလဲစေရန် တောင်ကိုရီးယားနိုင်ငံတွင် ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် သာပနန်ကို ခြေရာခံရန် ၂ နှစ်ကျော်ကြာ အချိန်ယူ စုံစမ်းခဲ့ရသည်။ အဓိက သဲလွန်စမှာ သာပနန်၏ ဇနီးအသစ်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦး၏ ခရီးသွားလာမှုများကို စောင့်ကြည့်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီးသည် လာအိုနိုင်ငံသို့ ကိုယ်ပိုင်ဂျက်လေယာဉ်များဖြင့် မကြာခဏ သွားလာလေ့ရှိပြီး နောက်ပိုင်းတွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်ကို ရဲတပ်ဖွဲ့က သိရှိခဲ့သည်။
ဂျပန်အာဏာပိုင်များနှင့် ပူးပေါင်းစစ်ဆေးချက်အရ အဆိုပါအမျိုးသမီးသည် လာအိုနိုင်ငံသားအမည် “ဆင်ဆိုင် ပရိုမနီ” (Sinsai Prommanee) ဟု အမည်ခံထားသည့် အမျိုးသားတစ်ဦးနှင့်အတူ ရှိနေသည်ကို တွေ့ရှိခဲ့ရပြီး ထိုအမျိုးသား၏ ဓာတ်ပုံကို မျက်နှာမှတ်မိစနစ် (Facial Recognition) ဖြင့် စစ်ဆေးခဲ့ရာ သာပနန်နှင့် ၉၆ ရာခိုင်နှုန်း တူညီနေကြောင်း တွေ့ရှိခဲ့ရသည်။
ထို့နောက် တောင်ကိုရီးယား အာဏာပိုင်များ၏ အကူအညီဖြင့် လက်ဗွေရာများကို ထပ်မံစစ်ဆေးခဲ့ရာ သာပနန်နှင့် ၁၀၀ ရာခိုင်နှုန်း ထပ်တူကျကြောင်း အတည်ပြုနိုင်ခဲ့ကာ ၊ ယင်းအတည်ပြုချက်အရ အင်တာပို (Interpol) အနီရောင်အဆင့် ဝရမ်းဖြင့် ဆိုးလ်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သာပနန်က “တောင်ကိုရီးယားမှာ အဖမ်းခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး” ဟု ဖမ်းဆီးသည့်အဖွဲ့အား ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေသည့် မူးယစ်ဆေးဝါး ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်မှာ သာပနန်၏ ကွန်ရက်မှ လာခြင်းဖြစ်သည်။ ၎င်း၏ကွန်ရက်သည် တစ်နှစ်လျှင် စိတ်ကြွဆေးပြား သန်း ၁၀၀ ကျော်အပြင် အိုက်စ် (Ice)၊ ဘိန်းဖြူနှင့် ကက်တမင်း ၅ တန်စီခန့်ကို ဖြန့်ဖြူးနိုင်စွမ်းရှိသည်ဟု ဆိုသည်။
သာပနန်သည် မူးယစ်ဆေးဝါးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဲ့သို့ ပုံစံသွင်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ၊ ၎င်းသည် လာအိုနိုင်ငံသားစိစစ်ရေးကတ်နှင့် ပတ်စပို့ရရှိရန် ဘတ် ၁ သန်းခန့် လာဘ်ထိုးခဲ့ပြီး အဆိုပါစာရွက်စာတမ်းများဖြင့် တောင်ကိုရီးယားသို့ သွားရောက်ကာ မျက်နှာခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းရှိ ဘတ်သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများနှင့် လာအိုနိုင်ငံတွင်ရှိသော ဘတ် သန်း၄၀ခန့် တန်ဖိုးရှိသည့် ငွေသားနှင့် ရွှေများကို သိမ်းဆည်းနိုင်ရန် အာဏာပိုင်များက မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (AMLO) တို့နှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
