ကလေး – ဖလမ်း လမ်းမပေါ်တွင် စစ်တပ်က ဂိတ်ဖွင့်ကာ သိန်းရာချီ ဆက်ကြေးကောက်နေကြောင်း သိရသည်။
ဧပြီ ၂၅ရက်တွင် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်သွားပြီနောက် ကလေး – ဖလမ်းလမ်း ပိုင်းကို ထိန်းချုပ်လိုက်ကာ စစ်ကိုင်းတိုင်း၊ကလေးမြို့နှင့် ချင်းပြည်နယ်၊ဖလမ်းမြို့ကြား အထိုင်ချဂိတ် များ ဖွင့်လှစ်ပြီး ဂိတ်များဖြတ်ခအဖြစ် ကားအကြီးတစ်စီးလျှင် စုစုပေါင်းငွေ သိန်း ၈၀ မှ ၁၀၀ ကြား နှင့် ကားအသေးတစ်စီးလျှင် သိန်း၃၀မှ ၅၀ကြား ပေးရကြောင်း ကလေးမြို့သို့ ရောက်ရှိနေသည့် ဖလမ်းစစ်ရှောင် ပြည်သူတစ်ဦးက MPA ကို ပြောသည်။
” ဂိတ်က ၅ ခုရှိတယ်။ စစ်တပ်က ဖလမ်းမြို့ကို ပြည်သူတွေ ပြန်ဝင်နေလို့ရပြီလို့ ပြောနေပေမဲ့ လမ်းစရိတ်ကြီးတော့ ဘယ်သူမှ ပြန်ဖို့ မတွေးနိုင်ဘူး။ ကားခက ဂိတ်ကြေးပါထည့်ပေးရတာလေ။ ဂိတ်ကြေးက ဒီလောက်ကောက်နေမှတော့ ကားခက မိုးထိုးနေလောက်ပြီ။ တို့တွေတော့ ဒီမှာပဲ အဆင်ပြေသလို နေတော့မယ်။ ဒီကို လာတုန်းကတောင် အပြီးအစီးကို သိန်း ၃၀ ပဲပေးရတယ်။ ဒါကလည်း ကားသမားတွေကို ပေးရတာ။ တော်လှန်ရေးဂိတ်တွေက စေတနာရှိသလောက်ထည့်ပဲ။ ဒါတောင် သုံးလေးသောင်းထက် ပိုမယူဘူး” ဟု ၎င်းကပြောသည်။
ကလေး – ဖလမ်း လမ်းပိုင်းတလျှောက် ဖွင့်လှစ်ထားသော ဂိတ်များမှာ တောင်ဖီလာဂိတ် ၊ ၈မိုင်ဂိတ်၊ ၉မိုင်ဂိတ်၊ ခိုင်ကမ်းရဲစခန်းနှင့် ခိုင်ကမ်းဘီးခွန်ဂိတ်တို့ဖြစ်ကြောင်း ဖလမ်းမြို့စစ်ရေးသတင်းရင်းမြစ် ကပြောသည်။
” ပြည်သူတွေကတော့ ခုထိ မြို့ပေါ် ပြန်မလာကြသေးပါဘူး။ စစ်တပ်က ပြန်ဝင်နေပြီနဲ့ သတင်းလွှင့်နေပေမဲ့ လမ်းစရိတ်ကြောင့်ရယ် စစ်တပ်ကြောက်လို့ရယ် ဘယ်သူမှမဝင်ရဲကြဘူး ” ဟု ၎င်းကပြောသည်။
ဖလမ်းမြို့တွင် အုပ်ချုပ်ရေးလည်ပတ်ရန် စစ်တပ်ကပြင်ဆင်နေပြီး၊ Non CDM ဝန်ထမ်း ၁၀၀ ကျော်ကို ကလေးမြို့မှ ဖလမ်းမြို့ကို မေလ ၇ရက်က ပို့ဆောင်ထားသည်။
