မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ လမိုင်းမြို့ ရဲစခန်းအနီးတွင် ခလရ ၁၀၆မှ ဒုတပ်ရင်းမှူးကို ရေးဘီလူး ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
မေလ ၁၁ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် လမိုင်းမြို့ ခလရ ၁၀၆ မှ ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို လမိုင်းမြို့ရဲစခန်းအနီး မီတာ ၁၀၀ ခန့်အကွာ၌ပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက ယနေ့(မေလ ၁၂ ရက်) သတင်းထုတ်ပြန်သည်။
“သူ့ တပ်သား ၃ကောင်ပါတယ်။ စျေးသွားတဲ့အချိန် ကားပေါ်မှာ တစ်ယောက်တည်း ဖုန်းပြောနေ တာပါ။ အဲဒီအချိန် အခွင့်ကောင်းယူပြီး ပစ်တာပါ။ သူတို့ဘက်က ပြန်ပစ်ချိန်တောင် မရလိုက်ပါဘူး။ သူ့ PA တွေ သူ့ဆရာ သေတာတောင် ကားပေါ်ရောက်မှသိတယ်။ အင်အားတိုးတာမျိုးလည်းမရှိဘူး။ ဒီကောင်တွေ သိပ်ထွက်မရဲတော့ဘူး။ ထွက်ရင် သိပ်ဖို့ စောင့်နေတာ”ဟု ရေးဘီလူးတပ်ရင်းမှ တာ ဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း လမိုင်းရဲစခန်းမှ စခန်းမှူး အောင်ကျော်မင်းကို ပစ်ခတ်ရှင်းလင်းပြီးချိန်မှစတင်၍ လမိုင်းရဲစခန်းကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယင်းရဲစခန်းမှ အင်အားများသည် ခလရ ၁၀၆ သို့ ပူးပေါင်း သွားကာ စုစုပေါင်း အင်အား ၁၅၀ ခန့်ရှိကြောင်း သိရသည်။
“ခလရ ၁၀၆ မှာတော့ များတယ်ဗျ။ ၁၀၆ က လုံးဝ ခရိုင်ရဲ့ အထူးတပ်ပုံစံမျိုး ဖြစ်တယ်ပေါ့နော်။ လုံးဝ ကွန်မန်ဒိုတွေထားရှိတဲ့ တပ်ပုံစံမျိုးပေါ့။ စစ်ကြောရေးဆိုလည်း ၁၀၆ မှာပဲလုပ်တယ်။ ၁၀၆ က တအားကြမ်းတယ်။ မွန်ပြည်နယ်မှာဆိုလို့ရှိရင်ပေါ့။ သူက တပ်အကူတွေပေးရင်လည်း ၁၀၆ ကနေပြီးမှ ပေးတာ။ မြေပြင်မှာ စစ်ကြောင်းထိုးဖို့ လှုပ်ရှားဖို့ဆိုရင်ပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ဧပြီ ၂၇ ရက်၊ မွန်းလွဲ ၃ နာရီခန့်ကလည်း ရေးမြို့အနီးတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သေးသည်။။
ဒုတပ်ရင်းမှူး သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
