ကော့ကရိတ်တွင် နေအိမ်ထောင်ချီ မီးရှို့ခဲ့သည့် စစ်တပ်က ဘိလပ်မြေ ငါးအိတ်နဲ့ သွပ် ၁၅ ချပ်ပေးပြီး ဒေသခံများပြန်လာရန် ခေါ်နေ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ - ကော့ကရိတ်မြို့ရှိ မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များကို ကြည့်ရှု့နေသော စစ်ကော်မရှင်အဖွဲ့များ

စစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့များ၏လက်ချက်ကြောင့် မီးလောင်ပျက်စီးသွားသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ နေအိမ်များအတွက် ဘိလပ်မြေ ၁၀ အိတ်နှင့် သွပ် ၁၅ ချပ်ဖြင့် မက်လုံးပေးပြီး နေရပ်ပြန်လာရန် အတင်းအကျပ်ဖိအားပေးနေကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့က ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မြို့ခံများနှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ကော့ကရိတ်မြို့အတွင်း မီးလောင်ပျက်စီးသွားသည့်နေအိမ်များကို ပြန်လည်ပြုပြင်ပေးမည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန်ကူညီပေးမည်ဟု စစ်တပ်ဝါဒဖြန့်သတင်းများတွင် ဖော်ပြခဲ့သည်။

ယင်းနောက် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နေအိမ်တစ်လုံးအတွက် ဘိလပ်မြေ ၅ အိတ်နှင့် သွပ် ၁၅ ချပ်ကို ထောက်ပံ့ပေးမည်ဟု သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးက မြို့ခံများကို ဆက်သွယ်အသိပေးအကြောင်းကြားခဲ့ကြောင်း မြဝတီမြို့တွင် တိမ်းရှောင်နေသည့် ကော့ကရိတ်မြို့ခံတစ်ဦးက MPA ကို ပြောသည်။

“ပြန်လာရင်ပေါ့နော်၊ အခုက အေးချမ်းနေပြီ အခုချိန်မှာ ပြန်လာရင် ဘိလပ်မြေ ၅ အိတ်နဲ့ သွပ် ၁၅ ချပ်ပေးမယ်၊ တကယ်လို့ မပြန်လာဘူးဆိုရင် ကိုယ့်ဟာကို လုပ်ပေါ့၊ အိမ်တွေက ပျက်စီးနေတာ တကယ်လို့ မပြန်ဘူးဆိုရင် သူများတွေ တက်နေရင် ဘယ်လိုလုပ်မလဲ၊ သူများယူလိုက်ရင် ဘယ်လိုလုပ်မလဲ၊ အမျိုးမျိုးပါပဲ၊ ကြောက်အောင်ပြောပြီး ပြန်လာခိုင်းတာပဲ” ဟု ကော့ကရိတ်မြို့ အမှတ်(၆)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါမီးရှို့ခံခဲ့ရသည့် နေအိမ်များအတွက် ထောက်ပံ့ကြေးရရှိရန် အိမ်ပိုင်ဆိုင်ကြောင်း အထောက်အထားများ အပါအဝင် မိသားစုဝင်ဦးရေများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ တင်ပြပြီးမှ ရရှိမည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲအတွင်း မြို့၏ ၈၀ ရာခိုင်နှုန်းခန့်ကို ကရင်တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည်။

တစ်လနီးပါးအကြာတိုက်ပွဲထပ်မံဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလနောက်ဆုံးအပတ်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါသိမ်းပိုက်ထားသည့်ကာလအတွင်း စစ်တပ်က နေ့စဉ်နှင့်အမျှ လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်ထောင်ချီမီးလောင်ပျက်စီးခဲ့ပြီး ဒေသခံသောင်းချီနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“အဲဒီနောက်ပိုင်း တချို့ပြန်လာကြတာ ရှိတယ်၊ အကုန်လုံးတော့ မဟုတ်သေးဘူး၊ အခုထိပဲ မပြန်လာရဲတဲ့သူတွေ အများကြီးရှိနေသေးတယ်၊ အတိအကျတော့ မသိဘူးပေါ့၊ သုံးပုံတပုံလောက်တော့ ရှိမယ်ထင်တာပဲ၊ အခုတော့ ပြောနေကြတာပဲ ပြန်လာရင် လတ်တလောနေစရာစီစဉ်ပေးမယ်တဲ့ အေးချမ်းမှု မရှိသေးတော့ ပြန်ရင်လည်း ဘာလုပ်ကိုင်စားသောက်ကြမလဲ” ဟု နောက်ထပ် ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကော်မရှင်က မီးလောင်ပျက်စီးသွားသည့်နေအိမ်များနှင့် လုံးဝပြုပြင်ခြင်းမရသည့် နေအိမ်အဆောက်အဦစာရင်းများကို ကောက်ယူနေဆဲဖြစ်ပြီး ထောက်ပံ့ပေးမည့်အစီအစဉ် မည်သည့်နေ့ရက်ဖြစ်မည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ရုံးတွေလည်း မြန်မြန်ဆောက်ပေးမယ်တဲ့ ဝန်ဆောင်မှုပေးဖို့လေ၊ တကယ်တမ်းက လုပ်ရမှာက သူတို့တာဝန်ပဲဟာ၊ အခုကြားနေတာ သူတို့နဲ့ ကန်ထရိုက်တာတွေနဲ့ပေါင်းပြီး ဘတ်ဂျက်တင်မယ်၊ ဝေစားမျှစားလုပ်မှာပေါ့၊ လုပ်ကွက်တစ်ခုပါပဲ၊ ပြည်သူတွေကို ထောက်ပံ့ဖို့ ပြောတာက ဟန်ပြပါပဲ” ဟု အမှတ်(၆) ရပ်ကွက် နေထိုင်သူက ဆက်ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့ကို ထိန်းချုပ်ထားသည့် စစ်ကော်မရှင်သည် ၎င်းတို့၏ လက်ဝေခံလက်နက်ကိုင်တပ်များနှင့်အတူ မြို့ပေါ်အပါအဝင် မြို့အဝင်အထွက်လမ်းခွဲများတွင် လုံခြုံရေးတင်းကြပ်ထားသော်လည်း မြို့ပြင်နေရာအချို့၌ တခါတရံ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။