တစ်နိုင်ငံလုံး မငြိမ်းချမ်းအောင် ပြုလုပ်နေသည့် စစ်တပ်က ယမန်နေ့( မေ ၁၁ရက်)တွင် နေပြည်တော်၌ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို စစ်တပ်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်။
သင်တန်းတွင် အရပ်သားကာကွယ်စောင့်ရှောက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားမည်ဟု ဆိုထားသော်လည်း လက်တွေ့တွင် မြန်မာစစ်တပ်သည် နေ့စဉ်နှင့်အမျှ အရပ်သားကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ အိမ်ခြေထောင်ပေါင်းများစွာကို မီးရှို့ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြီးအကျယ် ကျူးလွန်နေသည့်အတွက် ယခုသင်တန်းမှာ ဟန်ပြသက်သက်သာဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။
ယင်းလုပ်ရပ်အပေါ် “ဒါက သမိုင်းမှာ အဆိုးရွားဆုံး ဟာသတစ်ခုပါပဲ” ဟု အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
ထို့ပြင် စစ်တပ်သည် မိမိနိုင်ငံသားများကို ငြိမ်းချမ်းရေးမပေးနိုင်ဘဲ ပြည်တွင်းစစ်ကို အရှိန်မြှင့်နေသည့် အဖွဲ့အစည်းတစ်ခုက ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ သင်တန်းတက်နေခြင်းမှာ အလွန်တရာ ကမောက်ကမနိုင်လှကြောင်း ၎င်းက ဝေဖန်သည်။
အဆိုပါ သင်တန်းပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အရပ်သားများအား ကာကွယ်စောင့်ရှောက်ရန်ဆိုသည့် အချက်အလက်ပါဝင်နေပြီး ယင်းအချက်မှာ မြေပြင်အခြေအနေနှင့် များစွာကွဲလွဲနေကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။
“မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် သန်းချီရှိလာတာ စစ်တပ်ကြောင့်ဖြစ်လာရတာပဲ၊ ဒါကို မျက်ကွယ်ပြုပြီး ခေါင်းစဉ်မျိုးစုံနဲ့ သင်တန်းကျင်းပနေတာ အတော်ရွံဖို့ကောင်းလှတယ်။ ဒီလိုအောက်တန်းကျတဲ့ စစ်တပ်က ကုလ ငြိမ်းချမ်းရေးသင်တန်းလုပ်တယ်ဆိုတော့ ပြောဖို့တောင် ဆွံ့အသွားတယ်” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဟု ကြွေးကြော်နေသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို ယခုကဲ့သို့ သင်တန်းပေးနေခြင်းမှာ မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။
” Blue Helmet” ခေါ် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့၏ သင်္ကေတကို အသုံးပြုပြီး သင်တန်းပေးနေသော်လည်း မြန်မာစစ်သားများသည် မြေပြင်တွင် ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် ဖိနှိပ်နေသူများ ဖြစ်နေသည့်အတွက် ၎င်းတို့အား ကုလသမဂ္ဂအလံအောက်တွင် မြင်တွေ့ရခြင်းမှာ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း ပြည်သူများက ဝေဖန်သည်။
သင်တန်းတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု ဘာသာရပ်ကို ထည့်သွင်းထားသော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းနေအရွယ် ကလေးငယ်များစွာ သေဆုံးနေရသည့် အရှိတရားကို ဤသင်တန်းက ဖုံးကွယ်နိုင်မည်မဟုတ်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ထောက်ပြသည်။
ယခုသင်တန်းသည် (၉) ကြိမ်မြောက်ရှိပြီဟု ဆိုသော်လည်း အဆိုပါသင်တန်းတက်ခဲ့သော အရာရှိများ မြေပြင်သို့ ရောက်ရှိသွားသည့်အခါ ကုလသမဂ္ဂ၏ စည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးများတွင်သာ ပါဝင်နေကြောင်း ထောက်ပြမှုများလည်းရှိသည်။
သင်တန်းတွင် စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု (CIMIC) ကို သင်ကြားမည်ဟု ဆိုသော်လည်း လက်ရှိ မြန်မာ့စစ်မြေပြင်တွင် စစ်တပ်သည် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများကိုသာ ပိုမိုလုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
ကုလသမဂ္ဂကိုယ်တိုင်က မြန်မာစစ်တပ်၏ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချနေချိန်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယက ကုလသမဂ္ဂအမည်ကို သုံးကာ သင်တန်းပေးနေခြင်းသည် ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်ကြောင်း ဝေဖန်သူများက သုံးသပ်သည်။
