ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် (Ayutthaya)၊ ဝမ်နွဲ့မြို့နယ်အတွင်း၌ တရားမဝင် မြန်မာအလုပ်သမားများအား လျှို့ဝှက်သယ်ဆောင်လာသည့် သတင်းအရ ထိုင်းအာဏာပိုင်များက စောင့်ကြိုစစ်ဆေးရာမှ မြန်မာ့လက်ရွေးစင် ခြင်းလုံးကစားသမားဟောင်း တစ်ဦးကို အလုပ်သမား ၁၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် အယုဒ္ဓယာ အမြန်လမ်းရဲတပ်ဖွဲ့ (Highway Police) နှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ သတင်းအရ စောင့်ကြည့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူမှာ မြန်မာ့ခြင်းလုံးလောကတွင် လူသိများပြီး “မင်းသားကြီး” ဟု အမည်ပြောင်ရထားသည့် မြန်မာ့လက်ရွေးစင် ခြင်းလုံးကစားသမားဟောင်း တစ်ဦးဖြစ်သည်။
“မြန်မာ့ ခြင်းလုံး လက်ရွေးစင်ဟောင်း အားလုံးသိရှိတဲ့ နံမည်ကြီး ခြင်းလုံးသမားတစ်ဦး တရားမဝင် မြန်မာအလုပ်သမားတွေကို မှောင်ခိုချိတ်ဆက် သယ်ဆောင် ပွဲစားလုပ်မှုနဲ့ ထိုင်းနိုင်ငံ အယုဒ္ဓယ ၊ ဝမ်နွဲ့ခရိုင်မှာ မြန်မာအလုပ်သမား ၁၃ဦးနဲ့အတူ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပါတယ် ” ဟု ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် ACC ကိုရဲမင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဘန်ကောက်မြို့အတွင်းသို့ လျှို့ဝှက်ပို့ဆောင်မည့် သတင်းကို ထိုင်းရဲ တပ်ဖွဲ့က ကြိုတင်ရရှိခဲ့ခြင်းဖြစ်ပြီး လမ်း၌ ကင်းပုန်းဝပ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခြင်းလုံးကစားသမား မောင်းနှင်လာသည့် မော်တော်ယာဉ်အတွင်း၌ တရားမဝင် လိုက်ပါလာသော မြန်မာအလုပ်သမား စုစုပေါင်း ၁၃ ဦးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းအား မြန်မာနိုင်ငံဘက်ခြမ်းရှိ လူကုန်ကူးပွဲစားများနှင့် တိုက်ရိုက်ချိတ်ဆက်ကာ အလုပ်သမားများကို ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ပို့ဆောင်ပေးသည့် လမ်းပြပွဲစား အဖြစ် လုပ်ကိုင်နေသည်ဟု ထိုင်းအာဏာပိုင်များက စွပ်စွဲထားသည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုများအရ အဆိုပါ ခြင်းလုံးကစားသမား မင်းသားကြီးသည် နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသော အလုပ်သမားများကို ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများသို့ လိုက်လံပို့ဆောင်ပေးရာတွင် အဓိကညှိနှိုင်းဆောင်ရွက်သူအဖြစ် ပါဝင်နေကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။
“ထိုင်းမှာ ပန်းရောင်ကတ်(အလုပ်သမားကတ်)ရှိတဲ့သူက ဘာအထောက်အထားမှ မရှိတဲ့သူနဲ့ တွဲသွားတွဲလာလုပ်ရင်တောင် လူကုန်ကူးဆိုတဲ့ ပုဒ်မနဲ့ ဖမ်းခံရတယ်။ အခုက ကားနဲ့သယ်လာပေးတာဆိုတော့ မလွယ်လောက်ဘူး။ မင်းသားကြီးဆိုတာ ကျတော်အားပေးနေတဲ့ ခြင်းလုံးကစားသမားပဲ သူ့အတွက်တော့ စိတ်မကောင်းဘူးပေါ့ဗျာ” ဟု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။
တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ဦး ဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေခြင်းအပေါ် အားကစားဝါသနာရှင်များနှင့် ပြည်သူများအကြား စိတ်မကောင်းဖြစ်မှုနှင့် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
ပြည်တွင်းရှိ လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများကြောင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပင်လျှင် ပြည်ပနိုင်ငံများတွင် အန္တရာယ်များသည့် တရားမဝင် လုပ်ငန်းများကို ဝမ်းစာရေးအတွက် ရွေးချယ်လာကြရသည့်အပေါ် သုံးသပ်မှုများလည်း ရှိနေသည်။
“ခေတ်ဆိုးစနစ်ဆိုးကြီးထဲမှာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတွေတောင်ပြည်ပထိုင်းနိုင်ငံမှာ တရားမဝင်ပွဲစား လုပ်ပြီး
ဝမ်းစာရေးဖြေရှင်းနေပြီ” ဟု ACC ကိုရဲမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများအားလုံးကို ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဝမ်နွဲ့ရဲစခန်းသို့ ပို့ဆောင်ထားပြီး၊ လူကုန်ကူးမှု ကွင်းဆက်များနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
