ရန်ကုန်မြို့၊ အလုံမြို့နယ်အတွင်းရှိ လူငယ်ချင်း ဖြစ်ပွားသည့် ရန်ပွဲတွင် စသုံးလုံးအရာရှိကြီးတစ်ဦး၏ သား ထိုးကြိတ်ရိုက်နှက်ခံလိုက်ရသဖြင့် ရဲတပ်ဖွဲ့ဝင်တို့ အလုပ်ရှုပ် ပြာယာခတ်ခဲ့ရကြောင်း သိရသည်။
မေလ၁၂ရက်၊ည၈နာရီကျော်တွင် အလုံမြို့နယ်၊ ဆင်မင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်အနီးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ လူငယ်အုပ်စုချင်း ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲများရောက်ရှိလာပြီး နောက် ထွက်ပြေးသွားကြကြောင်း Rangoon Scout Network- RSN က သတင်းထုတ်ပြန်သည်။
“စသုံးလုံး VIP သား က လာရိုက်နှက်တဲ့အုပ်စုကသူတွေနဲ့ အရင်ရက်တုန်းကလည်း ရန်ဖြစ်ထား ကြလို့ ခံဝန်ထိုးထားတယ်လို့ သိရတယ်ဗျ။ မနေ့က သူ(စသုံးလုံးVIPသား)နဲ့ သူ့အုပ်စု လက်ဖက် ရည်ဆိုင်ထိုင်နေကြတုန်း တစ်ဖက်အုပ်စုက ကား ၂ စီးနဲ့ ရောက်လာပြီး ရိုက်နှက်ထိုးကြိတ်သွားတာ လို့ ကြားပါတယ်”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။
စသုံးလုံးအရာရှိကြီး၏သား ရိုက်နှက်ခံရခြင်းကြောင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များကို စသုံးလုံး က ဖိအားပေးကာ ရိုက်သွားသည့်လူငယ်များအား ဖမ်းခိုင်းသဖြင့် ရဲအများအပြား အလုံမြို့နယ်ထဲ လှည့် ပတ်ရှာဖွေခဲ့ကြရကြောင်း သိရသည်။
လာရိုက်သူများသည် အလုံကြီးပိုင်းဘက်မှ ကား၂စီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ရိုက်နှက်ခံရသည့် လူငယ်များ ဒဏ်ရာရမှုအခြေအနေနှင့် ရိုက်နှက်သောလူငယ်များ ဖမ်းဆီးခံရမှု ရှိ၊မရှိ နောက်ဆက် တွဲအခြေအနေကို မသိရသေးပေ။
