စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်တွင် စစ်တပ်က ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်ကြီးတစ်ပါးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့(မေလ ၁၃ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း ၊ နဘဲပင်လှကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ တစ်စင်းဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
“ဘုန်းကြီးကျောင်းက နဘဲပင်လှကျေးရွာရဲ့ ရွာတောင်ခြမ်းမှာ ကျတယ်ဗျ။ ထိခိုက်ဒဏ်ရာရတာက ကိုရင်ကြီးတစ်ပါးနဲ့ ပြည်သူတစ်ဦး ထိခိုက်တယ်ဗျ။ မစိုးရိမ်ရဘူးဗျ။ ကိုရင်ကြီးက အသက် ၂၀ ကျော် ၃၀ အရွယ်ပဲဗျ။ အရမ်းကြီး မကြီးသေးဘူးဗျ။ ထိခိုက်တဲ့ပြည်သူကလည်း နဘဲပင်လှရွာထဲကပဲဗျ”ဟု ၎င်းက MPA သို့ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်တစ်ဆောင်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ပျက်စီးတဲ့ ကျောင်းဆောင်ကလည်း ကျနော်တို့ ဒီ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လပိုင်းတုန်းက ပစ်ထားခဲ့တဲ့ ကျောင်းဆောင်ပေါ်ပဲ ပြန်ကျတာဗျ။ အခု ဖိုက်တာနဲ့ပစ်တာဆို ဒါနဲ့ဆို ၂ ကြိမ်ရှိပြီဗျ”ဟု ၎င်းကဆက် လက်ပြောသည်။
လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်မည်ကို စိုးရိမ်သဖြင့် နဘဲပင်လှကျေးရွာမှ ပြည်သူအချို့ တိမ်းရှောင်နေကြကြောင်းလည်း သိရသည်။
