အီရန်နှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပါက “Operation Sledgehammer” အမည်အသစ်တစ်ခုဖြင့် စစ်ဆင်ရေးကို ပြန်စသွားရန် သမ္မတဒေါ်နယ် ထရမ့်အစိုးရက စဉ်းစားနေကြောင်း မေလ ၁၂ ရက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတ ဒေါ်နယ်ထရမ့်က အကြီးစား တိုက်ခိုက်မှုများကို ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ပါက ယခင်စစ်ဆင်ရေးအမည်ဖြစ်သော “Operation Epic Fury” အစား အမည်သစ်တစ်ခုဖြင့် အစားထိုးရန် အမေရိကန်အရာရှိများ ဆွေးနွေးနေကြကြောင်း NBC News က ဖော်ပြခဲ့သည်။
သံတမန်ရေးရာ ကြိုးပမ်းမှုများ ရပ်တန့်နေခြင်းနှင့် ဟော်မုဇ်ရေလက်ကြားရှိ တင်းမာမှုများကြောင့် အီရန်နှင့် စစ်ပွဲပြန်ဖြစ်လာနိုင်သည်ဟူသော အစိုးရအဖွဲ့အတွင်း မျှော်လင့်ချက်များ မြင့်တက်လာခြင်းကို ယခုဆွေးနွေးမှုများက ဖော်ပြနေသည်။
အစီရင်ခံစာအရ အစိုးရအရာရှိအချို့က စစ်ဆင်ရေးအမည်အသစ်ကို အသုံးပြုခြင်းအားဖြင့်—ယခုတစ်ကြိမ် တိုက်ခိုက်မှုသည် ၁၉၇၃ ခုနှစ် စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့်ဥပဒေ (1973 War Powers Resolution) အရ သီးခြားစစ်ရေးအရေးယူမှုတစ်ခု ဖြစ်သည်ဟု အိမ်ဖြူတော်က အကြောင်းပြချက် ခိုင်လုံစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါဥပဒေသည် လွှတ်တော်၏အတည်ပြုချက်မပါဘဲ သမ္မတတစ်ဦး စစ်ဆင်ရေးပြုလုပ်နိုင်သည့် သက်တမ်းကို ကန့်သတ်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက အမေရိကန်နှင့် အီရန်တို့အကြား တိုက်ခိုက်မှုများရပ်စဲရန်နှင့် ဆွေးနွေးပွဲများပြုလုပ်ရန် သဘောတူညီပြီးနောက် “Operation Epic Fury” သည် ပြီးဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သတင်းထောက်များကို မကြာသေးမီက ပြောကြားခဲ့သည်။
