မြန်မာနိုင်ငံတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို နာယူကျင့်ကြံရန်ပင် စိန်ခေါ်မှု အလွန့် အလွန်ကြီးမားလာကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
မေလ၁၂ရက်၊ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ သီရိလင်္ကာနှင့် ထိုင်းအမြဲတမ်းကိုယ်စား လှယ်အဖွဲ့ရုံးတို့က ဦးဆောင်ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနား၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအ မတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့သလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် ဆုတောင်းပေးကြပါရန်လည်း တောင်းဆိုခဲ့သည်။
“စစ်တပ်က ဘုန်းကြီးကျောင်းလည်း မရှောင်၊ ဘုန်းကြီးလည်း မရှောင် ဗုံးကြဲသတ်ဖြတ်နေပေမဲ့ တစ် ဖက်မှာလည်း အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သူကြီးအဖြစ်နဲ့ အကြမ်းဖက်မှုကို အားပေးနေတဲ့ ဘုန်းကြီးတွေက ဗိုလ်ချုပ်တွေကို ပရိုမိုးရှင်းလုပ်နေတာ အံ့ဩရတယ်”ဟု မုံရွာအခြေ စိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
မြန်မာပြည်သူပြည်သားများသည် အတင်းအကျပ် နေရပ်စွန့်ခွာနေထိုင်ရခြင်းမှသည် ဆင်းရဲနွမ်းပါးမှု၊ အခြေခံဝန်ဆောင်မှုများ သိသိသာသာ မရှိခြင်းနှင့် အသက်အိုးအိမ်များ ဆုံးရှုံးရသည်အထိ ဆင်းရဲဒု က္ခက ဆိုးရွားစွာ ကြီးထွားလာခဲ့ကြောင်း၊ထိုသို့ခံစားနေရသည့်အကြားကပင် မြန်မာပြည်သူတို့၏ ကြံ့ ခိုင်သောစိတ်ဝိညာဉ်သည် မယိုင်မနဲ့ သန်မာလျက်ရှိပြီး စစ်မှန်သောတရားဓမ္မနှင့် ငြိမ်းချမ်းရေးတို့ကို မျှော်မှန်းတောင့်တလျက်ရှိကြောင်း သံအမတ်ကြီးက ပြောသည်။
အဆိုပါ အခမ်းအနားသို့ “ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း (Walk for Peace)” ခရီးရှည်ကို ဦးဆောင် သူ ဆရာတော် ဘိက္ခုပညာကာရ (Venerable Bhikkhu Paññākāra) နှင့် အဆိုပါခရီးစဉ်တွင် ပါဝင် ခဲ့သည့် ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြရာ တက္ကဆပ်ပြည်နယ်မှ မြန်မာဘုန်းတော်ကြီး အရှင် သီလနန္ဒာ ၊ နယူးယောက်မြို့မှ မြန်မာဘုန်းတော်ကြီး အရှင်ပါရမ နှင့် ဗာဂျီးနီးယားပြည်နယ်မှ မြန်မာ ဘုန်းတော်ကြီး အရှင်ကုမုဒါတို့လည်း ပါဝင်သည်။
ဆက်လက်ပြီး သံအမတ်ကြီးက တက္ကဆပ်ပြည်နယ်မှ ဝါရှင်တန်ဒီစီအထိ ခြေလျင် လျှောက်လှမ်းခဲ့ ကြသော “ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း (Walk for Peace)” ခရီးရှည်တွင် ပါဝင်ခဲ့ကြသည့် ဆရာ တော် ဘိက္ခုပညာကာရ နှင့် ဆရာတော်၊ သံဃာတော်များအားလုံးကို ကျေးဇူးဥပကာရ တင်ရှိ ကြောင်း အဆိုပါ ခရီးရှည်သည် ငြိမ်းချမ်းရေးကို အထူး ငတ်မွတ်တောင့်တနေကြသည့် မြန်မာပြည် သူ များအတွက် မျှော်လင့်ချက်နှင့် ခွန်အားတို့ကို သယ်ဆောင်ပေးကြောင်း၊ ခရီးရှည်တစ်လျှောက် ပါဝင်ခဲ့ကြသူများအားလုံး၏ သည်းခံနိုင်သည့် စွမ်းရည် ပြည့်ဝမှု၊ ဉာဏ်ပညာနှင့် မယိမ်းယိုင်သော စိတ်ဓာတ်တို့အတွက် အထူး ကျေးဇူးတင်ရှိကြောင်းလည်း ဆိုသည်။
အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားပြီးနောက် မြန်မာဘုန်းတော်ကြီးများဖြစ် သော အရှင်သီလနန္ဒာ၊ အရှင်ပါရမ နှင့် အရှင်ကုမုဒါတို့သည် မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံးသို့ ကြွရောက်၍ အန္တရာယ်ကင်း ပရိတ်တရားနာမှုများ ပြုလုပ်၍ ရေစက်ချ အမျှဝေမှုများ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။
