ဆော – လောင်းရှည်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေ၊ လေကြောင်းတိုက်ခိုက်မှုများလည်း ခပ်စိပ်စိပ် ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ တောင်ယောဒေသရှိ ဆော – လောင်းရှည်လမ်းပိုင်း၌ စစ်ကော်မရှင်နှင့် ဒေသခံတော်လှန်ရေးတပ်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မေ ၁၂ ရက်၊ နံနက်ပိုင်း၌ လောင်းရှည်မြို့အခြေစိုက် ကပစ ၂၅ မှ ထွက်လာသည့် အင်အား ၅၀၀ ဝန်းကျင်နှင့် ယာဉ် ၁၇ စီး ပါရှိသည့် စစ်ကြောင်းမှာ ညပိုင်းတွင် လောင်းရှည်မြို့ထဲသို့ ဝင်ရောက်ခဲ့သည်။

ယနေ့ (မေ ၁၃ ရက်)၊ နံနက်ပိုင်း၌ လောင်းရှည်မြို့တွင်း၌ နောက်ချန်အင်အားအဖြစ် ၁၅၀ ချန်ထားခဲ့ကာ အင်အား ၃၀၀ ဝန်းကျင်မှာ ဆောမြို့ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ပြီး ဆောမြို့နှင့် လေးမိုင်ခန့်အကွာ သီးကုန်းကျေးရွာ၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

“တိုက်ပွဲဖြစ်တာတွေ၊ ပစ်ခတ်သံတွေကတော့ ကြားကြတယ်။ သက်ဆိုင်ရာတွေက ထုတ်ပြန်မှ အတိအကျသိရမှာပါ။ စစ်ကြောင်းတွေက ရွေ့နေတုန်းပါ” ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

၂၀၂၆ ခုနှစ်၊ မေ ၁၃ ရက်မှစ၍ စစ်ကော်မရှင်က ကုန်းကြောင်းနှင့် လေကြောင်းပစ်ကူများဖြင့် သာလွန်သောအင်အားများ အသုံးပြုကာ ဆောမြို့နယ်ဒေသအတွင်း ကျောက်ထုမြို့ – ဆောမြို့များသို့ ရက် (၁၀၀) စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရန် အင်အား (၁၀၀၀) ခန့်နှင့် ဦးတည်ကာ စစ်ကြောင်းထိုးနေပြီး လောင်းရှည် – ဆောနှင့် တပြင်း – ကျောက်ထုလမ်းပိုင်းများ၌ နေထိုင်နေကြသည့် ဒေသခံများကို ဘေးကင်းလုံခြုံစွာ နေထိုင်ကြရန် ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

အလားတူ ယနေ့ (မေ ၁၃ ရက်)၊ နံနက်ပိုင်း၌လည်း ကျောက်ထုနှင့် မင်းတပ်မြို့အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ၊ Y – 12 တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) အတွင်းသို့ Y – 12 စစ်ထောက်ပို့ယာဉ်အသုံးပြု၍ ပါရာမော်တာ (စက်တပ်လေထီး) သုံးစီးထက်မနည်းကို ချထားပေးခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် YAW Media က ဖော်ပြထားသည်။

“ပါရာမော်တာတွေလည်း ရောက်လာတာဆိုတော့ လေကြောင်းက အရင်ကထက်ပိုပြီး သတိထားရမယ်။ လေကြောင်းဗုံးကြဲတာလည်း ဒီရက်ပိုင်းထဲ အရမ်းများတယ်။ ဒီမနက်ကို ခြောက်ကြိမ်လောက် ကြဲသွားတယ်” ဟု ကျောက်ထုဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် ၂၀၂၆ ခုနှစ်၊ မေ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့၍ စစ်သုံ့ပန်းများအပါအဝင် လေးဦးသေဆုံးကာ နေအိမ် ၁၅ လုံးခန့်၊ အစိုးရရုံးဌာန အဆောက်အအဦ ၁၀ ခု၊ မော်တော်ယာဉ် ၄ စီးနှင့် အခြားပျက်စီးဆုံးရှုံးမှုများအပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က မေ ၁၂ ရက်၌ ထုတ်ပြန်ထားသည်။

“မင်းတပ်ကို တစ်ရက်ကို ငါးခါလောက် ဖိုက်တာနဲ့ လာကြဲတယ်။ ညတွေရော၊ မနက်တွေရောပဲ။ ကင်းထောက်တွေက မကြဲခင်ရော၊ ကြဲပြီးရော လာတယ်။ ဗုံးကြဲတာ ကံကြီးကို စထိုင်ကတည်းက ကြဲလာတာ” ဟု အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်က ရခိုင်နှင့် ချင်းဘက်သို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတစ်ခုဖြစ်သည့် ဆော – ကျောက်ထု – မင်းတပ်လမ်းဆုံကို ပိတ်ဆို့ထားပြီးနောက် အင်အား ၆၀၀ ဝန်းကျင်စီပါရှိသည့် စစ်ကြောင်းနှစ်ကြောင်းဖြင့် ဆောမြို့ဘက်သို့ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။