မွန်ပြည်နယ် ၊ ရေးမြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ မှ စစ်မှုထမ်းတပ်သားသစ် ၄ ဦး အလင်းဝင်လာကြောင်း သိရသည်။
ယနေ့(မေလ ၁၃ ရက်)တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၊ ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၂ ဆင်းပြီး စကခ ၁၉ ၌ တာဝန်ကျနေသည့် စစ်မှုထမ်းတပ်သားသစ် ၄ ဦး အလင်းဝင်လာခြင်းဖြစ်ကြောင်း ရေးဘီလူး တပ်ရင်းက ယနေ့ ညနေပိုင်း၌ သတင်းထုတ်ပြန်ထားသည်။
“လက်ရှိ သူတို့က အထဲမှာ တအားတင်းကျပ်တဲ့ ကဏ္ဍမျိုးတွေရှိတော့ ခဲယမ်းမပါခဲ့ဘူးနော်။ အပတ်စဉ် ၂၂ ဆိုတော့ စကခ ၁၉ မှာ တာဝန်ထမ်းဆောင်ခဲ့တာ မကြာလောက်သေးဘူး။ ၄ ယောက်လုံး ပေါ်တာဆွဲခံရတာပါ။ လှိုင်းဘွဲ့မြို့က ၂ ယောက်ပါမယ်။ မြဝတီမြို့က ၂ ယောက် ပါမယ်”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်မှုထမ်းတပ်သားသစ် ၄ ဦး အလင်းဝင်ပြီးနောက် ရေးမြို့ပေါ်သို့ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ စစ်သားအင်အား ၅၀၀ ခန့် ရောက်ရှိနေကြောင်း သိရသည်။
“လက်ရှိကတော့ လုံခြုံရေးတင်းကျပ်ထားတယ်။ အခု မြို့အဝင် မြို့အထွက် ကဏ္ဍတွေ ၊ နောက် တစ်ခုက စစ်တပ်အရှေ့တွေမှာရော အင်အားတွေအပြည့် စောင့်ဆိုင်းနေတာမျိုးတော့ ရှိတယ် နော်”ဟု ၎င်းကဆက်လက်ပြောသည်။
အလင်းဝင်တပ်သား ၄ ဦးသည် ဝဲကလိသင်တန်းကျောင်းမှ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် သင်တန်း ဆင်းခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ စစ်တပ်ကို ပြန်တော်လှန်နေကြကြောင်း MDSI ထုတ်ပြန်သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်း စစ်ချက်”အစီရင် ခံစာ၌ ဖော်ပြထားသည်။
