မလေးရှားနိုင်ငံတွင်ပြုလုပ်မည့် ချင်းဒုက္ခသည်များကော်မတီ (CRC) ၏ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားသို့ ပြည်သူချစ် တော်လှန်အနုပညာရှင် အဆိုတော် ဖြူဖြူကျော်သိန်းနှင့် UFC ကမ္ဘာ့ချန်ပီယံ ဂျိုရှူအာဗန်တို့ တက်ရောက်မည်ဖြစ်ပြီး မလေးရှေားနိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို လာမည့် မေလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Jalan Loke Yew ရှိ SJK(C) Chung Kwo ကျောင်းခန်းမ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
UFC စင်မြင့်ထက်တွင် မြန်မာ့ဂုဏ်ကို ဆောင်နေသည့် ကမ္ဘာ့ချန်ပီယံ ဂျိုရှူအာဗန်သည် အထူးဧည့်သည်တော် (VVIP Guest) အနေဖြင့် တက်ရောက်မည်ဖြစ် အဆိုတော် ဖြူဖြူကျော်သိန်းက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမည်ဖြစ်သည်။
အဆိုတော် ဖြူဖြူကျော်သိန်းသည် အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူ့ဘက်မှ မယိမ်းမယိုင် ရပ်တည်ခဲ့သည့် တော်လှန်အနုပညာရှင်တစ်ဦးဖြစ်ကာ ၎င်း၏ ဖျော်ဖြေတင်ဆက်မှုများသည် အနုပညာရသအပြင် ဒုက္ခသည်များနှင့် တော်လှန်ရေးအင်အားစုများအတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားကိုပါ ဖြစ်စေမည်ဖြစ်သည်။
မလေးရှားရောက် မြန်မာပရိသတ်များအနေဖြင့် မိမိတို့ချစ်ခင်ရသော အနုပညာရှင်နှင့် ကမ္ဘာ့ချန်ပီယံ အားကစားသမားနှစ်ဦးလုံးကို တစ်နေရာတည်းတွင် ဆုံတွေ့ခွင့်ရမည်ဖြစ်သည်။
ယခုအခမ်းအနားတွင် ဖြူဖြူကျော်သိန်း၏ ပြောင်မြောက်သော သီဆိုမှုများအပြင် ချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနှစ်သာရများကိုပါ မြင်တွေ့ရမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ဂျိုရှူအာဗန်လည်း တက်ရောက်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသားများဖြင့် စည်ကားမည့် အခမ်းအနားတစ်ခုလည်းဖြစ်သည်။
