အမေရိကန်သမ္မတထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ ပေကျင်းတွင် စတင်တွေ့ဆုံ

ဓာတ်ပုံ - Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (The Great Hall of the People) ၌ ယနေ့ မေလ ၁၄ ရက်တွင် စတင်တွေ့ဆုံကြသည်။

နှစ်ရက်ကြာ ပြုလုပ်မည့် နှစ်နိုင်ငံဆွေးနွေးပွဲများအတွင်း နည်းပညာ၊ ကုန်သွယ်ရေးနှင့် တိုင်ဝမ်အရေး အပါအဝင် ခက်ခဲရှုပ်ထွေးသော ကိစ္စရပ်များကို ဆွေးနွေးကြဖွယ်ရှိသည်။

မေလ ၁၃ ရက်နေ့က သမ္မတထရမ့် ပေကျင်းသို့ ရောက်ရှိလာပြီးနောက် “The Beast” ဟုခေါ်သော သီးသန့်ကားပေါ်မှ ဆင်းလာစဉ် ရှီကျင့်ဖျင်က ကြိုဆိုနှုတ်ဆက်ချိန်တွင် တရုတ်စစ်တီးဝိုင်းက အမေရိကန်နိုင်ငံတော်သီချင်း (Star-Spangled Banner) ကို တီယန်နန်မင်ရင်ပြင်တွင် တီးမှုတ်ခဲ့ကြသည်။

တရုတ်တပ်ဖွဲ့ဝင်များက ဧည့်သည်တော်သမ္မတထရမ့်အား စစ်ရေးပြချီတက်ခဲ့ကြပြီး၊ အမေရိကန်နှင့် တရုတ်အလံများကို ဝှေ့ယမ်းနေကြသည့် ကျောင်းသားငယ်များက ခေါင်းဆောင်နှစ်ဦးကို ကြည့်ရှုကာ အားပေးကြိုဆိုခဲ့ကြသည်။

ထို့နောက် ထရမ့်က ၎င်းအားကြိုဆိုနေသည့် ကလေးငယ်များကို နှုတ်ဆက်ခဲ့သည်။

The Great Hall of the People ခန်းမဆောင်အတွင်း တွေ့ဆုံမှုတွင် ရှီကျင့်ဖျင်က တရုတ်နှင့် အမေရိကန်အကြားရှိ ဘုံအကျိုးစီးပွားများသည် သဘောထားကွဲလွဲမှုများထက် ပိုမိုအရေးပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲ၏ အဖွင့်အမှာစကားတွင် ရှီကျင့်ဖျင်က တရုတ်နှင့် အမေရိကန်တို့၏ အောင်မြင်မှုသည် တစ်ဦးနှင့်တစ်ဦးအတွက် အခွင့်အလမ်းများ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်ခြင်းသည် ကမ္ဘာကြီးအတွက် ကောင်းကျိုးတစ်ခု ဖြစ်ကြောင်း ပြောကြားသည်။