By Ko Myo / MPA
အရပ်သားများကို ပစ်မှတ်ထားကာ စစ်တပ်၏ တစ်ပတ်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အနည်းဆုံး ၄၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ၁၂ရက်မှ ၁၈ရက်အတွင်း ပြည်သူကိုပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုကို ဒေသ၈ခုတွင် အနည်း ဆုံး၂၂ခုပြုလုပ်ခဲ့ရာ ပြည်သူအနည်းဆုံး ၃၄ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က စက်တင်ဘာ၁၉ရက်ည၌ သတင်းထုတ်ပြန်သည်။
“ဒီအပတ်ထဲမှာ အဆိုးဆုံးနဲ့ အရက်စက်ဆုံးတိုက်ခိုက်မှုက ကျောက်တော်ပုဂ္ဂလိကစာသင်ကျောင်း တွေကို တိုက်ခိုက်မှုပါပဲ။အဲဒီကေ့စ်နဲ့ ပတ်သက်ပြီး IIMM(မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်း စစ်ဆေးမှုယန္တရား)က မျက်မြင်ကြုံတဲ့သူတွေကို အချက်အလက်တွေမျှဝေပေးဖို့ တောင်းခံထား တယ်။IIMM ဆီရောက်သွားမယ့်အချက်အလက်တွေဟာ တစ်ချိန်မှာ မင်းအောင်လှိုင်နဲ့ ကျူးလွန်သူ တွေကို ကြိုးကွင်းစွပ်ပေးမယ်လို့ ယုံကြည်တယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိ တစ်ဦးက MPAသို့ပြောသည်။
လေကြောင်းတိုက်ခိုက်မှုများကို တရုတ်နိုင်ငံထုတ် Y12 ထောက်ပို့ယာဉ်၊ Mi35 ရဟတ်ယာဉ်၊Yak 130၊ SU30နှင့် MIG29 ဂျက်ဖိုက်တာများကို အဓိကအသုံးပြုနေပြီး မန္တလေး၊တနင်္သာရီနှင့်မကွေး ဒေသတို့၌ အများဆုံးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်၊မန္တလေး၊ကရင်နီနှင့် တနင်္သာရီဒေသတို့တွင် ပညာ ရေးအဆောက်အအုံ၃ခု၊ဘုန်းကြီးကျောင်း၂ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ထိခိုက် ပျက်စီးခဲ့သည်။
စက်တင်ဘာ၁၂ရက်၊ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည် သူ ၂၂ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ၁၂ရက်မှ ၁၈ရက်အတွင်း စစ်တပ်က တော်လှန်ရေးအင်အားစုများကို ပစ်မှတ်ထားတိုက်ခိုက်မှုနှင့် ထိတွေ့တိုက်ပွဲများအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်သည့် ဖြစ်စဉ် ၁၆ခုရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်သည်။
စက်တင်ဘာ၅ရက်မှ ၁၁ရက်အတွင်း ပြည်သူကိုပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အနည်း ဆုံး၂၆ခု ပြုလုပ်ခဲ့ရာ ပြည်သူ အနည်းဆုံး ၂၂ဦးသေဆုံးပြီး ၆၃ဦး ဒဏ်ရာရခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်သည်။
စာတည်း-ML
