By Hsu Yee/MPA
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းရဲစခန်း တိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းတစ်ဦး၏ ဇနီးမှာ မကြာမီမီးဖွားတော့မည်ဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ဂရုတစိုက်ပေးနေ ကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက် ဇီးကုန်းရဲစခန်း တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၁၁ ဦးတွင် စစ်သုံ့ပန်း ၂ ဦး၏ ကိုယ်ဝန်ဆောင် တစ်ဦးအပါအဝင် ဇနီး ၂ ဦး ၊ ၄ နှစ်အရွယ် ကလေး တစ်ဦး နှင့်၄ လအရွယ် ကလေးငယ် တစ်ဦးပါဝင်ပြီး ယင်းအမျိုးသမီးနှင့် ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
“ကျန်းမာရေးဘက်က လိုအပ်တာအကုန်စီစဉ်ထားတယ်လို့ သိရပါတယ်။ကျနော်တို့ အနေနဲ့တော့ အတိအကျပြောဖို့ခက်ပါတယ်။အမျိုးသမီး ၂ ဦးမှာ တစ်ဦးက မီးဖွားရန်ရှိတာပါ။ အခုလ ၂၆ ရက်နေ့ မွေးရမှာပါ”ဟု ကန့်ဘလူပအဖ ပြောရေးဆိုခွင့်ရှိသူက MPA သို့ပြောသည်။
ဇူလိုင် ၂၉ ရက်တွင် ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကန့်ဘလူ မြို့နယ် ဆေးရုံအား စစ်တပ်က ၂ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံပျက်စီးခဲ့သော်လည်း CDM ကျန်းမာရေးဝန်ထမ်းများက လူသားချင်းစာနာမှုဖြင့် စစ်သုံ့ပန်းများကိုပါ ယခုအချိန်ထိ ဆေးကုသမှု ပေးနေကြောင်း သိရသည်။
“ဆေးရုံ AS(လေကြောင်းတိုက်ခိုက်မှု) မလုပ်ခံရစဥ်ကလည်း ဖမ်းဆီးရမိတဲ့ စခ၊ရခ နဲ့ပျူတွေကိုဆေးကုသမှုလုပ်ပေးနေကြပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
ဇီးကုန်းမြို့မ ရဲစခန်းကို စက်တင်ဘာ ၁၇ ရက်၊ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့ ၊ ရေဦးဓူဝံ ပကဖနှင့် နယ်မြေခံ ပကဖအဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး အရာရှိအပါအဝင် ၆ ဦးသေဆုံးခဲ့ကာ ဗိုလ်လေး အဆင့် ၂ ဦး ၊ တပ်သား ၂ ဦး ၊ တပ်သားဇနီး ၂ ဦး ၊ ကလေး ၂ ဦးနှင့် အချုပ်သား ၃ ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်။
ယင်းတိုက်ခိုက်မှုမှ G3 သေနတ် ၉ လက် ၊ G4 သေနတ် တစ်လက် ၊ MA15 သေနတ် တစ်လက်နှင့် ပစ္စတို သေနတ် တစ်လက် စုစုပေါင်း ၁၂ လက် သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
စာတည်း-ML
