ရုရှား ဒရုန်းများ ပိုလန်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းအပေါ် အနောက်နိုင်ငံ ထောက်လှမ်းရေးများ ယူဆချက် အမျိုးမျိုးဖြစ်နေ

(ဓာတ်ပုံ-- Reuters) ပုံစာ- နေတိုးတပ်ဖွဲ့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုတွင် သယ်ဆောင်နိုင်သည့် လေကြောင်း ကာကွယ်ရေးစနစ်ကို စမ်းသပ်ပစ်ခတ်နေသည့် ပိုလန်စစ်သားများကို တွေ့ရစဉ်

CNN

ပိုလန်နိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသော ရုရှားဒရုန်းများ ဝင်ရောက်ခဲ့ခြင်းသည် မတော်တဆဟုတ်၊မဟုတ်နှင့် အနောက်အုပ်စု၏လေကြောင်းကာကွယ်ရေးကို စမ်းသပ်ရန်နှင့် နေတိုး၏တုံ့ပြန်မှုကို အကဲဖြတ်ရန် ရုရှားက ရည်ရွယ်ချက်ရှိရှိ ကြိုးစားခြင်း ဟုတ်၊မဟုတ်အပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအရာရှိများအကြား ယူဆချက် အမျိုးမျိုး ဖြစ်ပေါ်နေသည်။
သို့သော် ယင်းဖြစ်ရပ်သည် ရုရှားအစိုးရက နေတိုးကို ထိပါးရန် ဆန္ဒရှိလာနေပြီး ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်သည့် အန္တရာယ်ကိုလည်း ဂရုမထားတော့ကြောင်း စိုးရိမ်ဖွယ်ရာ လက္ခဏာတစ်ရပ်ကို ဖော်ပြနေကြောင်း အဆိုပါအရာရှိများက သတိပေးခဲ့သည်။

“ဒါက အန္တရာယ်မရှိဘူးလို့ မဆိုလိုပါဘူး၊ ရုရှားအစိုးရရဲ့ ပစ်မှတ်ထားမှု အန္တရာယ်လက်ခံနိုင်စွမ်းကို တွေးခေါ်ပုံက သေချာပေါက် ပြောင်းလဲသွားပါပြီ” ဟု အနောက်အုပ်စု ထိပ်တန်းထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောသည်။

သို့သော် ဒရုန်းများ၏ ပျံသန်းမှုပုံစံနှင့် နည်းပညာဆိုင်ရာ အချက်အလက်များကို စုဆောင်းရရှိထားသည့် ထောက်လှမ်းရေးအချက်အလက်များသည် ရှုပ်ထွေးနေပြီး အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်ခဲသည်။

ယူကရိန်းနှင့် ပိုလန် နှစ်နိုင်ငံစလုံးက ယင်းဝင်ရောက်မှုသည် တမင်တကာလုပ်ဆောင်ခြင်းဖြစ်သည်ဟု လူသိရှင်ကြား ပြောကြားခဲ့ကြပြီး ဥရောပနိုင်ငံများစွာကလည်း အဆိုပါ သုံးသပ်ချက်ကို သဘောတူကြသည်။
သို့သော် အမေရိကန်နှင့် အနောက်နိုင်ငံများမှ စစ်ဘက်၊ ထောက်လှမ်းရေး၊ သံတမန်ရေးနှင့် ကွန်ဂရက်အရာရှိ ၁ ဒါဇင်ကျော်နှင့် ပြောဆိုရာတွင် နေတိုးမဟာမိတ်အဖွဲ့အစည်းတစ်ခုလုံးအကြားတွင် ထင်မြင်ချက် အမျိုးမျိုး ဖြစ်နေသည်ဟုဆိုသည်။

ဒေသတွင်းမှ အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ရုရှားသည် နေတိုးလေပိုင်နက်ထဲသို့ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ရန် “၅၀-၅၀” အခွင့်အရေးရှိကြောင်း သုံးသပ်သည်။

ထောက်လှမ်းရေးအသိုက်အဝန်း၏ အခက်ခဲဆုံး ပစ်မှတ်များထဲမှ တစ်ခုဖြစ်သည့် ရုရှားထံမှ ရှင်းလင်းသော ထောက်လှမ်းရေးအချက်အလက်များမရရှိဘဲ ယင်းကိစ္စကို သေချာတိကျစွာ ဆုံးဖြတ်ရန် မဖြစ်နိုင်သလောက်ရှိကြောင်း ပြင်ပမှ လေ့လာသုံးသပ်သူများက ပြောသည်။
ထို့ကြောင့် နေတိုးအနေဖြင့် ရုရှား၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိဘဲ ရှေ့ဖြစ်ဖူးခြင်းမရှိသေးသည့် ဖြစ်ရပ်တစ်ခုကို မည်သို့တုံ့ပြန်ရမည်ကို ဆုံးဖြတ်ရန် မသက်မသာအခြေအနေသို့ ရောက်ရှိနေသည်။

“ကျွန်တော်တို့မှာ ဘယ်နည်းနဲ့မှ လုံလောက်တဲ့ ထောက်လှမ်းရေးအချက်အလက် မရှိပါဘူး” ဟု ထောက်လှမ်းရေးနှင့် ရင်းနှီးသော အခြားအမေရိကန်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အနောက်နိုင်ငံမှ ထိပ်တန်းထောက်လှမ်းရေးအရာရှိက ဒရုန်းများ၏ ပျံသန်းမှုပုံစံသည် လမ်းပျောက်နေပြီး GPS အချက်ပြမှု ပြန်လည်ရရှိရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ယူဆရပြီး ၎င်းတို့သည် ယူကရိန်း၏ နှောင့်ယှက်မှုကြောင့် လမ်းကြောင်းပြောင်းသွားခြင်းဖြစ်သည်ဟု အကြံပြုပြောကြားသော်လည်း အခြားသော အချက်များကမူ နှစ်မျိုးလုံးကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
ရုရှား၏ ဒရုန်းများစွာသည် လက်နက်မဲ့ဒရုန်းအတုများ ဖြစ်နေခြင်းက ရုရှားသည် သေဆုံးထိခိုက်မှုများမရှိဘဲ ပိုလန်လေကြောင်းကာကွယ်ရေးကို စမ်းသပ်လိုသည်ဟု ဆိုလိုခြင်း ဖြစ်နိုင်သည်။
သို့သော် ရုရှားသည် ယူကရိန်းနိုင်ငံကို တိုက်ခိုက်တိုင်း ဒရုန်းများစွာ ပို့လွှတ်လေ့ရှိပြီး ယင်းဒရုန်းများသည် ယူကရိန်းလေကြောင်းကာကွယ်ရေးကို လှည့်ဖြားရန်နှင့် အားကုန်စေရန် ရည်ရွယ်ထားသော ဒရုန်းအတုများ ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ယင်းအချက်သည်လည်း တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သည်။

ပိုလန်နိုင်ငံထဲသို့ လမ်းကြောင်းပြောင်းဝင်ရောက်ခဲ့သော ဒရုန်းအရေအတွက် များပြားခြင်းကလည်း သက်သေပြနိုင်စွမ်းမရှိကြောင်း ထိပ်တန်းအရာရှိများနှင့် ပြင်ပမှ လေ့လာသုံးသပ်သူများက ပြောသည်။