ရခိုင်၊ ချင်းနှင့် ယောကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ရန် ဆောမြို့၌ အင်အားထောင်ချီအထိ စစ်ကော်မရှင် အင်အားဖြည့်တင်းနေ

ဓာတ်ပုံ - MOI
ပုံစာ - ဆောမြို့တွင်းတနေရာအား တွေ့ရစဥ်

စစ်ကော်မရှင်က လက်လွှတ်ထားရသည့် ရခိုင်၊ ချင်းနှင့် ယောကုန်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ရန် ဆောမြို့၌ အင်အားထောင်ချီအထိ စစ်ကော်မရှင်က အင်အားဖြည့်တင်းနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရှိရသည်။

၂၀၂၆ ခုနှစ်၊ မေ ၁၂ ရက်မှစ၍ လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅) မှတစ်ဆင့် စစ်ကြောင်းထိုးလာသည့် အင်အား ၅၀၀ ဝန်းကျင်က တောင်ဘို့ကြီးနှင့် သီးကုန်းကျေးရွာတို့တွင် ညအိပ်ရပ်နားခဲ့ပြီးနောက် ယနေ့ (မေ ၁၄ ရက်) နံနက် ၁၀ နာရီဝန်းကျင်၌ ဆောမြို့ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

“ဒီနေ့မနက်လောက်က ဆောမြို့နယ်ထဲကို လောင်းရှည်ဘက်က စစ်ကြောင်းတစ်ကြောင်း ဝင်လာတယ်လို့ ကြားတယ်။ ညနေဘက်မှာ မြို့ထဲကို ဝင်လာပြီ။ အဲဒီဘက်မှာတော့ တိုက်ပွဲထပ်ဖြစ်တာ မရှိသေးဘူး” ဟု မြေပြင်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းက ဆောမြို့ပေါ်ရှိ ဦးဖိုးလှိုင်ခန်းမအတွင်း၌ ဝင်ရောက်နေရာယူထားသည်။

ထို့ပြင် မေ ၁၁ ရက်၌ ပေါက်ကပစ (၂၄) မှ ထွက်လာသည့် တပ်မ (၉၉) လက်အောက်ခံ အင်အား ၄၀၀ ဝန်းကျင်ပါ စစ်ကြောင်းမှာလည်း ပုံတောင်ထိပ်ကို ကျော်လွန်၍ ဆောမြို့နယ်အတွင်းရှိ တပြင်းကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများ တင်ဆက်နေသည့် ယောအလင်းတန်းက ဖော်ပြထားသည်။

“စစ်ကြောင်းက ဖြည်းဖြည်းချင်း ရွေ့နေတာ။ ဒီနေ့ ဆောထဲမှာ လေကြောင်းဗုံးကြဲတာတော့ မရှိဘူး။ ပြည်သူတွေကတော့ စစ်ရှောင်နေကြတယ်။ ရာသီဥတု မဖောက်ပြန်ဖို့ပဲ ဆုတောင်းနေရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါစစ်ကြောင်းများအနေဖြင့် ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) နှင့် ဆောမြို့နယ်၊ ကံကြီးကျေးရွာတို့၌ အင်အားစုပေါင်းကာ တော်လှန်ရေးတပ်များ၏ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များက သုံးသပ်သည်။

အလားတူ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်မှစ၍ ယနေ့ (မေ ၁၄ ရက်) အထိ ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈) မှ ထွက်လာသည့် အင်အား ၂၀၀ ဝန်းကျင်က မင်းတပ် – ကျောက်ထု – ဆောလမ်းဆုံရှိ ဆောမြို့နယ်၊ ကံကြီးကျေးရွာ၌ ကတုတ်ကျင်းများတူးကာ အထိုင်ချ တပ်စွဲလျက်ရှိသည်။

လက်ရှိတွင် ဆောမြို့ပေါ်နှင့် ဆောမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှာ ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရသည်။

စစ်ကော်မရှင်က ရခိုင်နှင့် ချင်းဘက်သို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတစ်ခုဖြစ်သည့် ဆော – ကျောက်ထု – မင်းတပ်လမ်းဆုံကို ပိတ်ဆို့ထားပြီးနောက် အင်အား ၆၀၀ ဝန်းကျင်စီ ပါရှိသည့် စစ်ကြောင်းနှစ်ကြောင်းဖြင့် ဆောမြို့ဘက်သို့ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

လက်ရှိ ယောဒေသ၌ စစ်ကော်မရှင်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးအန္တရာယ်များအပြင် စစ်ကြောင်းသွားလာရာ နေရာများရှိ ကျေးရွာများအနေဖြင့် လုံခြုံရေး အထူးဂရုပြုကြရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက သတိပေးထားသည်။