ဟန်တာ ဗိုင်းရပ်စ်ပိုး

■ ဟန်တာ ဗိုင်းရပ်စ်ပိုး ဆိုတာ​ဘာလဲ

Ortho hantavirus မျိုးစိတ်၊RNA ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီးကြွက်တွေမှတဆင့် လူတွေမှာပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုဖြစ်စေတတ်တဲ့ဗိုင်းရပ်စ်ဖြစ်ပါတယ်။

လတ်တလော​တွင်​တိကျသောကာကွယ်ဆေးနှင့် ကုသမှု​မရှိသေးခြင်းကြောင့် သတိထားရမယ့်ရောဂါတစ်ခုဖြစ်ပါတယ်။

■ ဟန်တာ​ဗိုင်းရပ်စ်ပိုး​က​ဘယ်လိုကူးစက်နိုင်သလဲ

ဟန်တာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော ကြွက်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊သို့မဟုတ်​ကြွက်များ၏ခန္ဓာကိုယ်​မှထွက်သော မစင်၊ ကျင်ငယ်ရည်၊တံတွေး၊အန်ဖတ်​စသည်တို့ကိုထိတွေ့မိခြင်းမှလည်းကောင်း၊လေထဲတွင်​ပါဝင်သော အမှုန်အမွှားများကိုရှုသွင်း​မိခြင်းမှလည်းကောင်းရောဂါကူးစက်နိုင်ပါတယ်။

​ကြွက်ကိုက်ခံရခြင်း သို့မဟုတ် ကြွက်ကဲ့သို့ ချွန်ထက်သည့်သွားရှိသည့် သတ္တဝါ​များကုတ်ခြစ်ခံရခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။

ယနေ့​အချိန်ထိလူနာတစ်ယောက်မှတစ်ယောက်သို့ကူးစက်ခြင်းကို​ဟန်တာ​ဗိုင်းရပ်စ်ပိုး​အမျိုးအစားတစ်ခုဖြစ်တဲ့ Andes ဗိုင်းရပ်စ်ပိုး အမျိုးအစားတွင်သာတွေ့ရပြီးတခြားမျိုးစိတ်များတွင်မတွေ့ရသေးပါ။

■ ဟန်တာ ဗိုင်းရပ်စ်ပိုး ကြောင့်​ဖြစ်တဲ့​ရောဂါ​လက္ခဏာ​တွေက​ဘာတွေလဲ

​ဟန်တာ ဗိုင်းရပ်စ်ပိုး ကြောင့်​ဖြစ်တဲ့​ရောဂါ​လက္ခဏာ​အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုး​အမျိုးအစား​နှင့်​ဖြစ်ပွားရာနေရာဒေသကိုလိုက်ပြီးလည်းကွဲပြားနိုင်ပါတယ်။

ဥပမာ အာရှနဲ့ ဥရောပမှာဖြစ်တဲ့ ဟန်တာ ဗိုင်းရပ်စ်ပိုး က​ကျောက်ကပ်ပျက်စီးခြင်း ကို​ဖြစ်စေ​ပြီး​အမေရိကမှာဖြစ်တဲ့ ဟန်တာ ဗိုင်းရပ်စ်ပိုး ကတော့​နှလုံးနဲ့အဆုတ်ထိခိုက်ပျက်စီးခြင်းကိုဖြစ်စေပါတယ်။

​ဗိုင်းရပ်စ်ပိုး ဝင်ချိန်မှရောဂါ​လက္ခဏာ​ပြသည်အထိ ရောဂါပျိုးချိန်မှာ​ တစ်ပတ်​မှ ရှစ်ပတ်အထိရှိပါတယ်။

ရောဂါ​လက္ခဏာ​အများစုမှာ ဖျားခြင်း၊ ကိုယ်​လက် မအီမသာ​ဖြစ်ခြင်း ၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်​လက်​နဲ့ ကြွက်သားများကိုက်ခဲခြင်း​(အထူးသဖြင့်​ပေါင်ရင်း၊ တင်ပါး၊ နောက်ကျောနဲ့ တခါတရံမှာ ပခုံး​ကြွက်သား​များ)​၊ ​ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊အန်ခြင်း စတာတွေဖြစ်တတ်ပါတယ်။

ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး hantavirus cardiopulmonary syndrome (HCPS) နှလုံးနှင့်အဆုတ်ကိုအဓိကထိခိုက်သော ဟန်တာဗိုင်းရပ်စ်ပိုး ရောဂါတွင်​ ကနဦး​ရောဂါ​လက္ခဏာ​များဖြစ်ပေါ်ပြီး ၄ရက်မှ ၁၀ရက်အတွင်း ချောင်းဆိုးခြင်း၊
အသက်ရှု ကျပ်ခြင်း၊ အဆုတ်ရေဝိုင်းခြင်း၊ သွေးပေါင်ချိန်ပြုတ်ကျပြီး shock ရခြင်းတွေဖြစ်တတ်ပါတယ်။

အဲ့ဒီ ရောဂါ လက္ခဏာတွေဟာ အချိန်တိုအတွင်းမြန်မြန်ဆန်ဆန်ဖြစ်တတ်ပြီး အသက်သေဆုံးတဲ့အထိပြင်းထန်တတ်ပါတယ်။

ဒါတွေအပြင် haemorrhagic fever with renal syndrome (HFRS) သွေးလန့်ခြင်းနဲ့ ကျောက်ကပ်ကိုအဓိကထိခိုက်တဲ့ဟန်တာ ဗိုင်းရပ်စ်ပိုး ရောဂါမှာတော့​ သွေးလွန်တုပ်ကွေး​ကဲ့သို့ရောဂါလက္ခဏာများဖြစ်တတ်ပြီး တစ်ပတ်မှ လေးပတ်အတွင်း သွေး​ပေါင်ချိန်​ကျခြင်း၊ သွေးလန့်ခြင်း၊ သွေးမတိတ်ခြင်း၊ အမြင်အာရုံဝါးခြင်း၊ ​ခန္ဓာကိုယ်​အတွင်းသွေးစိမ့်ခြင်း ဥပမာ​-ဦးနှောက်အတွင်း သွေးထွက်ခြင်း၊ အစာအိမ်အတွင်းသွေးစိမ့်ခြင်း၊ဝမ်းအမဲရောင်သွားခြင်း၊ကော်ဖီရောင်အန်ခြင်း၊ ​မျက်နှာနီရဲခြင်း၊ မျက်လုံးနီရဲခြင်း၊ အရေပြား​တွင်​အကွက်များထွက်ခြင်း၊ ​ကျောက်ကပ်ပျက်စီးခြင်း စတာတွေကိုဖြစ်စေပါတယ်။

■ ဟန်တာဗိုင်းရပ်စ်ရောဂါမှန်း ဘယ်လိုသိနိုင်မှာလဲ

ဟန်တာဗိုင်းရပ်စ်ရောဂါလက္ခဏာတွေက သာမန်တုပ်ကွေးရောဂါ၊ဖျားနာခြင်းနဲ့ ဆင်တူတဲ့အတွက် ရောဂါဖြစ်ဖြစ်ချင်း ၇၂ နာရီအတွင်းရောဂါလက္ခဏာနဲ့ခွဲဖို့ခက်ပါတယ်။

လူနာ​ရဲ့​ ခရီးသွား​ရာဇဝင်နဲ့ ရောဂါရာဇဝင်ကိုသေချာစစ်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းအပြင် သွေးထဲတွင်ဟန်တာဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ကပြန်တိုက်တဲ့ ပဋိပစ္စည်းများစစ်ဆေးခြင်း​(hantavirus-specific IgM antibodies or rising IgG titres)၊ ဗိုင်းရပ်စ်ပိုး​ရဲ့​ အစိတ်​အပိုင်း​များကို မော်လီကျူလာနည်းလမ်းများဖြင့် စစ်ဆေးခြင်း (molecular methods such as reverse transcription polymerase chain reaction (RT-PCR) စတာတွေပြုလုပ်လို့ရပါတယ်။

■ ဟန်တာ​ဗိုင်းရပ်စ်ပိုး က​ကုသလို့ပျောက်ကင်းနိုင်သလား

​လတ်တလော​ဟန်တာဗိုင်းရပ်စ်ရောဂါအတွက် ကာကွယ်ဆေး ကော​ကုသဆေးကိုမပေါ်ပေါက်သေးပါ။ ရောဂါ​လက္ခဏာ​ပေါ်မူတည်၍ သက်သာစေရန်သာကုသလို့ရပါတယ်။

လူတစ်ယောက်​နဲ့​ တစ်ယောက်​ကူးစက်ခံရပုံ၊ ဗိုင်းရပ်စ်အမျိုးအစား၊ ရောဂါ​ပြင်းထန်​မှု​မတူညီတဲ့အတွက်​အချို့ လူနာတွေမှာမပြင်းထန်​ပေမယ့်၊ အချို့​လူနာ​တွေမှာတော့ အသက်သေဆုံးတဲ့ အထိပြင်းထန်တတ်ပါတယ်။

■ ဟန်တာဗိုင်းရပ်စ်ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။

ရောဂါမဖြစ်စေရန် ​ကြွက်များနဲ့ထိတွေ့ခြင်း၊ ကြွက်၏မစင်၊ အညစ်အကြေး​၊ကျဥ်ငယ်ရည်စတာတို့နဲ့ ရောနှောနေနိုင်သော ရေဆိုးရေညစ်များနဲ့ထိတွေ့ခြင်းမရှိအောင်ဂရုစိုက်ခြင်း၊ အိမ်နဲ့ ရုံးခန်း၊ မိမိပတ်ဝန်းကျင်ကိုသန့်ရှင်းအောင်ဂရုစိုက်ခြင်း၊ သောက်ရေ၊ သုံးရေစတဲ့ သိုလှောင်ရာကန်များကို ကြွက်ချေးနဲ့ ကြွက်​ကျဥ်ငယ်ရေများမဝင်ရောက်စေဖို့ ဂရုစိုက်ခြင်း၊အစားအစာ၊သောက်ရေ၊သုံးရေများကို ဂရုတစိုက်​ထိန်းသိမ်း​သိုလှောင်ခြင်း၊စားကြွင်း​စားကျန်များကိုဂရုတစိုက်စွန့်ပစ်ခြင်းတွေကို ပြုလုပ်သင့်ပါတယ်။

အဲ့ဒီလို နည်းလမ်းတွေအပြင် ဟင်းသီး​ဟင်းရွက်၊ အစားအစာတွေ ကိုသေချာစွာဆေးကြောပြီးမှစားသုံးခြင်း ​ရေကိုကျိုချက်ပြီးမှ သောက်သုံးခြင်း၊ လက်ကိုဆပ်ပြာနဲ့ မကြာခဏ​ဆေးကြောခြင်း၊ မိမိပတ်ဝန်းကျင်မှာ ရောဂါဖြစ်တယ်လို့ သိရတဲ့အခါ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို သတင်းပို့ခြင်း၊ ရောဂါဖြစ်ပွားသူတွေကို သီးသန့်ခွဲထားခြင်း၊ ရောဂါ လက္ခဏာပြလာရင် စောစောကုသမှု ခံယူခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။

“ဤဆောင်းပါးကို ရန်ကုန်ဆေးပညာကွန်ရက်၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ရေးသား ဖော်ပြပါသည်”