စီးပွားရေးနယ်ပယ် ၈ ခုတွင် နိုင်ငံခြားသား လုပ်ငန်းလိုင်စင် ကြိုတင်လျှောက်ထားရန် လိုအပ်ချက်ကို ထိုင်းအစိုးရ ပယ်ဖျက်

ထိုင်းအစိုးရအဖွဲ့သည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေ (Foreign Business Act) အရ နည်းဥပဒေမူကြမ်း နှစ်စောင်ကို အတည်ပြုလိုက်ပြီး၊ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဝန်ဆောင်မှုကဏ္ဍ (၈) ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကြိုတင်လိုင်စင်လျှောက်ထားရန် လိုအပ်ချက်ကို ပယ်ဖျက်ပေးလိုက်သည်။

ထို့အပြင် ကုန်စည်အစစ်အမှန်ပေးပို့သည့် လယ်ယာထွက်ကုန် အနာဂတ်ကုန်သွယ်မှု (Agricultural futures trading) တွင်လည်း နိုင်ငံခြားသားများ ပါဝင်ခွင့်ပြုလိုက်သည်။

ယခုအစီအစဉ်သည် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလွယ်ကူချောမွေ့စေရန်၊ ထပ်နေသော စည်းမျဉ်းစည်းကမ်းများကို လျှော့ချရန်နှင့် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် အကန့်အသတ်မရှိ တံခါးဖွင့်ပေးလိုက်ခြင်းမျိုး မဟုတ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ သာနာဒီရက်က ပြောကြား သည်။

ကင်းလွတ်ခွင့်ပြုလိုက်သည့် ကဏ္ဍများသည် အဆင့်မြင့်နည်းပညာလုပ်ငန်းများ သို့မဟုတ် သီးခြားဥပဒေများဖြင့် တင်းကျပ်စွာ စောင့်ကြည့်ခံထားရပြီးသား လုပ်ငန်းများသာ ဖြစ်သည်။

ဥပမာအားဖြင့် ဆက်သွယ်ရေးလုပ်ငန်းများကို NBTC က ဆက်လက်ထိန်းကျောင်းမည်ဖြစ်ပြီး၊ ဘဏ္ဍာတိုက်စင်တာ (Treasury centers) များသည် ထိုင်းဗဟိုဘဏ်၏ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။

ထို့အတူ အာမခံလုပ်ငန်းများသည် SEC ၏ ကြီးကြပ်မှုအောက်တွင်ရှိပြီး၊ ရေနံတူးဖော်ရေးလုပ်ငန်းများသည်လည်း စွမ်းအင်ဆိုင်ရာ စည်းမျဉ်းများကို တိကျစွာ လိုက်နာရမည်ဖြစ်သည်။

သို့သော် ထိုင်း အစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးရန် ဆက်လက်အာရုံစိုက်ထားဆဲ ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းဒစ်ဂျစ်တယ်ကဏ္ဍအပေါ် သက်ရောက်မှုရှိနိုင်သည်ဟူသော သက်ဆိုင်သူများ၏ စိုးရိမ်မှုကို ထည့်သွင်းစဉ်းစားကာ ဆော့ဖ်ဝဲလ်တီထွင်ထုတ်လုပ်ခြင်း (Software development) ကဏ္ဍကို မူကြမ်းမှ ပြန်လည်ဖယ်ရှားခဲ့သည်။

အဆိုပါမူဝါဒသည် မလိုအပ်သော လိုင်စင်လုပ်ငန်းစဉ်များကို လျှော့ချရန်၊ တရားမျှတသော ပြိုင်ဆိုင်မှုကို မြှင့်တင်ရန်နှင့် ထိပ်တန်းကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်ရန် ရည်ရွယ်သည်။

ယခုကဲ့သို့ ပယ်ဖျက်ပေးမှုများသည် ထိုင်းနိုင်ငံကို ဒေသတွင်း စီးပွားရေးဗဟိုချက် (Regional business hub) ဖြစ်လာစေရန် တွန်းအားပေးနေသလို တစ်ဖက်တွင်လည်း နိုင်ငံ၏ အလုံးစုံစီးပွားရေးကို ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးတိုးတက်မှုနှင့်အတူ နိုင်ငံတော်၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန် မျှတအောင် ဆက်လက်ဆောင်ရွက်သွားမည်ကြောင်းလည်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။