ထိုင်းနိုင်ငံက ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ရပ်ဆိုင်းသွားရန်ရှိပြီး ဗီဇာစည်းကမ်း ချိုးဖောက်မှုမှတ်တမ်း များပြားသော နိုင်ငံများကိုမူ ၁၅ ရက်အထိ ထပ်မံလျှော့ချသွားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအစီအစဉ်ကို ၂၀၂၄ ခုနှစ် အလယ်ပိုင်းတွင် စတင်ခဲ့ပြီးနောက် နိုင်ငံခြားသားအချို့သည် တရားမဝင် အလုပ်လုပ်ကိုင်ခြင်း၊ ဗီဇာသက်တမ်းကျော် နေထိုင်ခြင်းနှင့် ရာဇဝတ်မှုများ ကျူးလွန်ခြင်းတို့ဖြင့် အလွဲသုံးစားလုပ်နေကြကြောင်း အစိုးရက ပြောကြားသည်။
ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ခုစလုံးက ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ယခုအပြောင်းအလဲကို အတည်ပြုခဲ့ကြပြီး လာမည့်ရက်ပိုင်းအတွင်း အစိုးရအဖွဲ့ (Cabinet) အစည်းအဝေးတွင် ထပ်မံအတည်ပြုချက်ရယူမည်ဖြစ်သည်။
ကိုဗစ်အလွန် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့စေရန် ရည်ရွယ်၍ နိုင်ငံပေါင်း ၉၃ နိုင်ငံမှ နိုင်ငံသားများအတွက် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယင်း အစီအစဉ်ဖြင့် ဝင်ရောက်လာသူတိုင်းသည် ခရီးသွားရန်သက်သက် လာကြခြင်းမဟုတ်ကြောင်း သိသာလာခဲ့သည်။
ထိုင်းနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ၉၀ ရာခိုင်နှုန်းကျော်သည် ရက်ပေါင်း ၃၀ သို့မဟုတ် ထို့ထက်နည်း၍သာ နေထိုင်ကြကြောင်းနှင့် ကျန် ၁၀ ရာခိုင်နှုန်းခန့်သာ ရက် ၆၀ အပြည့် နေထိုင်ကြကြောင်း ခရီးသွားလာရေးဝန်ကြီး ဆူရာဆက် ဖန်ချာရင်ဝိုရာကွန်က ပြောကြားသည်။
အဆိုပါ ကာလရှည်နေထိုင်သူ အချို့သည် ထိုင်းအလုပ်သမားများ၏ အလုပ်အကိုင်များကို လုယူခြင်း၊ ထိုင်းနိုင်ငံသားများကို အမည်ခံအဖြစ်သုံး၍ တရားမဝင် စီးပွားရေးလုပ်ကိုင်ခြင်း သို့မဟုတ် ထိုင်းနိုင်ငံကို ရာဇဝတ်မှုကျူးလွန်ရန် အခြေစိုက်စခန်းအဖြစ် အသုံးပြုခြင်းများ ရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
“ရက် ၆၀ ဆိုတာ ခရီးသွားဗီဇာအတွက် အရမ်းရှည်လွန်းပါတယ်။ ကျွန်တော်တို့ဟာ ဘယ်နိုင်ငံကိုမှ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံအတွက် ပြဿနာဖြစ်စေတဲ့ အပြုအမူတွေကိုပဲ ကြည့်နေတာပါ။ ခရီးသွားတစ်ယောက်ရဲ့ နေထိုင်မှုဟာ ရက် ၃၀ ထက် မကျော်သင့်ပါဘူး” နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွန်ကက်ခေးက ပြောကြားသည်။
လက်ရှိအစီအစဉ်မှာ ယခင်က နိုင်ငံပေါင်း ၅၇ နိုင်ငံကို ခွင့်ပြုထားသည့် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် မူဝါဒဟောင်းသို့ ပြန်လည်ပြောင်းလဲရန် ဖြစ်သည်။ မူလစာရင်းတွင် မပါဝင်သော နိုင်ငံများကိုမူ ထိုင်းနိုင်ငံ၏ လက်ရှိခရီးသွားလာရေး ဦးစားပေးအချက်များအပေါ် မူတည်၍ တစ်နိုင်ငံချင်းစီအလိုက် ပြန်လည်သုံးသပ်သွားမည် ဖြစ်သည်။
ဗီဇာစည်းမျဉ်းချိုးဖောက်မှုများသည့် နိုင်ငံများမှ လာရောက်သူများအနေဖြင့် ပိုမိုကြာရှည်စွာ နေထိုင်လိုပါက နောက်ခံသမိုင်းကြောင်း စစ်ဆေးမှုနှင့် ငွေကြေးခိုင်လုံမှု အထောက်အထားများ လိုအပ်သည့် ဗီဇာပုံစံမှန်ဖြင့် လျှောက်ထားရမည် ဖြစ်သည်။
“နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် အသင့်တော်ဆုံး ဖြစ်မယ့် အစီအစဉ်ကို ရှာဖွေသွားမှာပါ။ ရည်ရွယ်ချက်ကတော့ အရည်အသွေးရှိတဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့ဖြစ်ပြီး ဘယ်နိုင်ငံကိုမှ ခွဲခြားဆက်ဆံဖို့ မဟုတ်ပါဘူး” ဟု ခရီးသွားလာရေးဝန်ကြီးက အလေးပေးပြောကြားခဲ့သည်။
အဝေးမှ အလုပ်လုပ်ကိုင်သူများ (Remote workers) နှင့် ကာလရှည်နေထိုင်လိုသော ခရီးသွားများကဲ့သို့ အချိန်အမှန်တကယ် လိုအပ်သူများအတွက်မူ Destination Thailand Visa (DTV) ကို လျှောက်ထားရန် လမ်းညွှန်ထားသည်။ အခမဲ့ဝင်ရောက်ခွင့် အစီအစဉ်နှင့်မတူဘဲ DTV ဗီဇာသည် ဝင်ငွေအထောက်အထား ပြသရန် လိုအပ်သောကြောင့် သတ်မှတ်ချက်နှင့် မကိုက်ညီသူများကို စိစစ်ဖယ်ထုတ်နိုင်မည် ဖြစ်သည်။
