တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပခဲ့သော အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ဟော်မုဇ်ရေလက်ကြား ပြန်လည်ပွင့်ရန် သဘောတူညီခဲ့ကြကြောင်း အိမ်ဖြူတော်က မေလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိမ်ဖြူတော်၏ အဆိုပါ ထုတ်ပြန်ချက်တွင် ထိုင်ဝမ်အရေးကို ဖော်ပြခြင်းမရှိဘဲ အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား အရေးကိစ္စများကိုသာ အကျယ်တဝင့် ရည်ညွှန်းဖော်ပြခဲ့သည်။
“သမ္မတထရန့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခု ရှိခဲ့ပါတယ်” ဟု အိမ်ဖြူတော်၏ X လူမှုမီဒီယာတွင် ဖော်ပြထားသည်။
“နှစ်ဖက်စလုံးဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ တရုတ်နိုင်ငံအတွင်း ဈေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ရေးနဲ့ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရေးအပါအဝင် နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီအများအပြားက ခေါင်းဆောင်တွေလည်း ဒီဆွေးနွေးပွဲရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်ခဲ့ကြပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် ထရန့်သည် “အမေရိကန်နိုင်ငံအတွင်းသို့ ဖန်တနိုင်း (fentanyl) မူးယစ်ဆေးဝါးဖြစ်စေသော ဓာတုပစ္စည်းများ စီးဝင်မှုကို ရပ်တန့်ရေးတွင် ရရှိထားသော တိုးတက်မှုများအပေါ် ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းနှင့် တရုတ်နိုင်ငံက အမေရိကန် လယ်ယာထွက်ကုန်များကို ပိုမိုဝယ်ယူရန် လိုအပ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့သည်” ဟု ဆိုသည်။
“စွမ်းအင်များ လွတ်လပ်စွာ စီးဆင်းနိုင်ရေးကို အထောက်အကူပြုဖို့အတွက် ဟော်မုဇ်ရေလက်ကြားဟာ ပွင့်လင်းနေရမယ်ဆိုတာကို နှစ်ဖက်လုံးက သဘောတူခဲ့ကြပါတယ်။ သမ္မတရှီကလည်း အဆိုပါရေလက်ကြားမှာ စစ်ရေးအင်အား ချဲ့ထွင်တာနဲ့ ရေလမ်းအသုံးပြုခ ကောက်ခံဖို့ ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သလို၊ အနာဂတ်မှာ ဟော်မုဇ်ရေလက်ကြားအပေါ် တရုတ်ရဲ့ မှီခိုနေရမှုကို လျှော့ချဖို့အတွက် အမေရိကန်ရေနံတွေကို ပိုမိုဝယ်ယူဖို့ စိတ်ဝင်စားကြောင်းလည်း ဖော်ပြခဲ့ပါတယ်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အီရန်အနေနဲ့ နျူကလီးယားလက်နက် ဘယ်တော့မှ မပိုင်ဆိုင်စေရဘူးဆိုတဲ့ အချက်ကိုလည်း နှစ်နိုင်ငံလုံးက သဘောတူခဲ့ကြပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၄၁၄ ဘီလီယံတန်ဖိုးရှိခဲ့သော နှစ်နိုင်ငံ စီးပွားရေးဆက်နွှယ်မှုသည် “နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး အပြန်အလှန် အောင်မြင်စေသော သဘောသဘာဝရှိသည်” ဟု ရှီက ပြောကြားခဲ့ပြီး “မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်ရေး အမြင်သစ်” နှင့် ပတ်သက်၍ ထရန့်နှင့် “သဘောတူညီမှု ရရှိခဲ့သည်” ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
