ရေဖြူ၊ ပယရွာသားများကို ပြင်ပထွက်ခွင့် စစ်တပ် ပိတ်ထား

ဓာတ်ပုံ - Kanbauk Defense Force ပုံစာ - တိုက်ပွဲဝင် ရဲဘော်များ။(ပုံဟောင်း)

By Hsu Yee/MPA

ရေဖြူမြို့နယ်၊ ပယရွာမှာ ရွာသားများကို စစ်တပ်က ပြင်ပထွက်ခွင့် ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် တနင်္သာရီတိုင်း၊ရေဖြူမြို့နယ် ပယရွာတွင် တပ်စွဲထားသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ် ပြီး ၎င်းတို့ အခြေစိုက်ချိန်မှစ၍ ရွာလယ်ရှိ ရွှေမိုးညိုစေတီအနီးနှင့် ရွာအနှံ့ ဂိတ်များဖွင့်လှစ်ကာ ဒေသခံများအား ရွာအပြင်သို့ ထွက်ခွင့်မပြုသောကြောင့် ဈေးဝယ်ရန်ပင် ခက်ခဲနေကြောင်း Kanbauk Defense Force ထံက သိရသည်။

“ရွာထဲက လူဦးရေတော့ မသိရပါဘူးဗျ။တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ။ရွာထဲမှာ ပြည်သူတွေ ရှိပါတယ်ဗျ။ ရွာအပြင်မထွက်ခိုင်းဘဲ ကာဗာ ယူထားတာပါ။ ကံပေါက်ရွာမှာ ဈေးဝယ် သွားရင်တောင် တစ်ယောက်၊ ၂ယောက်ပဲ သွားခိုင်းတယ်။ တစ်အိမ်လုံး မသွားခိုင်းဘူးဗျ”ဟု Kanbauk Defense Forceမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ပယရွာသည် ကံပေါက် အခြေစိုက် ခလရ ၂၇၃ နှင့် ၂ မိုင်ခန့်သာ ဝေးပြီး ပယရွာအနီး တိုက်ပွဲများဖြစ်ပွားသည့်အခါတိုင်း ခလရ ၂၇၃ မှ လာရောက် အင်အားဖြည့်တင်းပေးလေ့ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက်၊ နံနက် ၆ နာရီခန့်တွင် အင်အား ၆၀ ခန့်ရှိ ပယရွာ စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ တစ်နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦး မျက်မြင် သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူလည်း များပြားခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး နံနက် ၉ နာရီခန့်တွင် ခလရ ၂၇၃ နှင့် မောရဝတီ ရေတပ်မှ ပယရွာအနီးသို့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့ရာ ပယရွာမှ လင်မယား ၂ ဦး မစိုးရိမ်ရ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၈ ရက်တွင်ပင် ခလရ ၂၇၃ မှ ပယရွာသို့ စစ်ကား ၄ စီးဖြင့် အင်အားထပ်မံဖြည့်တင်းခဲ့သေးကြောင်း သိရသည်။

စာတည်း-ML