ပြင်ဦးလွင်မြို့ကို ကျန်းမာရေးမြို့တော်အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် မူဝါဒများချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း စစ်ကော်မရှင်၏ သမ္မတတုဖြစ်သူ မင်းအောင်လှိုင်က မေလ ၁၆ ရက် ပြင်ဦးလွင်ခရီးစဉ်အတွင်း ထည့်သွင်းပြောကြားခဲ့သည်။
မင်းအောင်လှိုင်က ယခင်က ပြင်ဦးလွင်ဒေသသို့လာရောက်သည့် ခရီးစဉ်များအတွင်း မြို့တွင်း လမ်း စနစ်တကျမရှိသည့်အတွက် ရပ်ကွက်ကြီး ၈ နှင့် ၁၀ အတွင်းရှိ လမ်း ၅လမ်းကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီဖြစ်သည်ဟု ကြွားလုံးထုတ်ခဲ့သည်။
ထို့ပြင် ပြင်ဦးလွင်မြို့တွင် ဒေသခံများအပြင် အခြားဒေသများမှ ပြောင်းရွှေ့လာသူများလည်း ရှိနေသဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လုပ်ဆောင်ပေးနေသကဲ့သို့ မြို့ခံများအနေဖြင့်လည်း မိမိတို့၏ အိမ်ခြံမြေများကို သန့်ရှင်းသပ်ရပ်အောင်နှင့် စိမ်းလန်းစိုပြည်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြရန် မင်းအောင်လှိုင်က ပြောသည်။
“ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ ဆေးရုံ၊ ဆေးခန်းတွေရဲ့ အရည်အသွေးနဲ့ အဆင့်အတန်း မြှင့်တင်ဖို့ ပါပဲ။ ကျန်းမာရေးမြို့တော်ဆိုမှတော့ ခေတ်မီ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေ၊ အရေးပေါ် ကုသဆောင် (ICU) တွေနဲ့ စနစ်တကျ ပြင်ဆင်ထားတဲ့ အထူးကုဆေးရုံကြီးတွေ ရှိနေဖို့ လိုပါတယ်။ အခုတော့ မြို့ခံတွေရော၊ အနီးအနားက လူနာတွေပါ ခက်ခဲတဲ့ရောဂါဆို မန္တလေးအထိ ဆင်းနေရတုန်းပဲ” ပြင်ဦးလွင်မြို့ခံ တစ်ဦးက ပြောသည်။
ပြင်ဦးလွင်ဒေသသည် ယခင်ဆယ်စုနှစ် နှစ်စုကာလခန့်နှင့် နှိုင်းယှဉ်ပါက များစွာ ဖွံ့ဖြိုးတိုးတက်လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပြီး သဘာဝကပေးထားသည့် ရာသီဥတုကြောင့် နေချင်စဖွယ် ကျန်းမာရေးမြို့တော်ကြီးအဖြစ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မြို့ပေါ်တွင် လူဦးရေ ထူထပ်လာသည်နှင့်အမျှ နေ့စဉ်ထွက်ရှိနေသည့် စွန့်ပစ်အမှိုက်များကို အကျိုးရှိစွာ ပြန်လည်အသုံးပြုပြီး မြို့အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဟု မင်းအောင်လှိုင်က ၎င်း၏ ခရီးစဉ်၌ ပြောကြားခဲ့သေးသည်။
အဆိုပါ ပြောကြားချက်များအပေါ် တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ လှောင်ပြောင်ဝေဖန်နေကြပြီး လက်ရှိ မြန်မာပြည်၏ စီးပွားရေးနှင့် လျှပ်စစ်မီး အကျပ်အတည်းကို မျက်ကွယ်ပြုထားသည့် ပြဇာတ်တပုဒ်သာ ဖြစ်ကြောင်း ထောက်ပြသည်။
“နိုင်ငံတနိုင်ငံလုံး လျှပ်စစ်မီးတောင် မှန်အောင်မပေးနိုင်ဘဲနဲ့ အမှိုက်ကနေ လျှပ်စစ်ထုတ်ဖို့ စိတ်ကူးယဉ်နေတာ တကယ့်ကို ရယ်စရာကြီးဗျာ။ ပြည်သူတွေကတော့ မီးမလာလို့ အမှောင်ထဲမှာ နေပူဒဏ်ခံနေရချိန် သူကတော့ လေထဲမှာ အိမ်ဆောက်ပြနေတာ” ဟု ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်သည်။
ထို့ပြင် ပြင်ဦးလွင်သည် ခရီးသွားမြို့ဖြစ်သဖြင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပပါက ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမိုလာရောက်မည်ဖြစ်ကြောင်း၊ ခရီးသွားများနှင့် ဒေသခံများ စားသုံးရန် လိုအပ်သည့် အသား၊ ငါးနှင့် ဥများကို ဒေသတွင်း၌ပင် လုံလောက်စွာ ထုတ်လုပ်ကြရန် မင်းအောင်လှိုင်က အမိန့်ပေးခဲ့သေးသည်။
ဆက်လက်ပြီး ခရီးသွားများ လာချင်စဖွယ်ဖြစ်အောင် ဒေသထွက် စားသောက်ကုန်များ၊ ရိုးရာအဝတ်အထည်များနှင့် သီးနှံများကို ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ရောင်းချပြီး ပျူငှာစွာ ဆက်ဆံကြရန် ပြောဆိုခဲ့သလို၊ ဒေသမျိုးရင်း ပန်းပွင့်များနှင့် မက်မန်းပင်၊ ထောပတ်၊ လိမ္မော်၊ မက္ကဒေးမီးယား စသည့် ဥယျာဉ်ခြံသီးနှံများကို အဓိက တိုးမြှင့်စိုက်ပျိုးရန် မင်းအောင်လှိုင်က ဆိုသည်။
ယင်းအပြင် ကျေးလက်ဒေသများတွင် ယင်လုံအိမ်သာ ဆောက်လုပ်ရေးကို လူထုလှုပ်ရှားမှုအသွင် လုပ်ဆောင်ရန်နှင့် အလယ်တန်းကျောင်းများနှင့် ကျေးရွာများတွင် စာကြည့်တိုက်များ မဖြစ်မနေရှိရမည်ဟု ညွှန်ကြားခဲ့သော်လည်း မြေပြင်တွင်မူ စစ်တပ်မြို့ဟု တင်စားရသည့် ပြင်ဦးလွင်အပါအဝင် တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီး ပုံမှန်မရခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် စစ်ရေးမတည်ငြိမ်ခြင်းများ ဖြစ်ပေါ်လျက်ရှိနေသည်။
စာတည်း-ကိုဆန်း
