ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး ဝန်းကျင်တွင် မေလ ၁၅ ရက်နေ့က တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၈ ဦးနှင့်အတူ အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းသုံး ပစ္စည်းများနှင့် အဆောက်အအုံများကို စစ်ကော်မရှင်လက်အောက်ခံ ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မေလ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မိုင်းရှူးမြို့၏ အရှေ့တောင်ဘက် ၂၆ ကီလိုမီတာခန့်အကွာ၊ လွယ်ဆောင်ထောက်ကျေးရွာအနီး သံလွင်မြစ်ဘေး၌ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦးကို စတင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အလားတူ နံနက် ၁၁ နာရီခန့်တွင် မိုင်းစံမြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာခန့်အကွာ၊ ဟိုပုံရွာအနီး သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် လူနေဆောင်များနှင့် လုပ်ငန်းသုံးတဲများကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
သိမ်းဆည်းရမိသည့် အဆောက်အအုံများတွင် ဖျက်ဆီးထားသော အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ အိပ်စင်ပါ လူနေဆောင် ၂ လုံး၊ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ လုပ်ငန်းသုံးတဲ ၁ လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ဝါးတဲ ၃၀ လုံးနှင့် စားချက်ဆောင် ၁ လုံးတို့ ပါဝင်ကြောင်း သိရသည်။
ယခု ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အွန်လိုင်းငွေလိမ်လုပ်ငန်းများ (ကျားဖြန့်) သည် နယ်စပ်ဒေသများမှတစ်ဆင့် ရှမ်းပြည်နယ်အတွင်းပိုင်း သံလွင်မြစ်ကမ်းဘေးကဲ့သို့သော အလှမ်းဝေးသည့် နေရာများအထိ ရွှေ့ပြောင်းအခြေစိုက်လာနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
“ တိုက်ပွဲတွေဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းခံရတော့ ဒီကောင်တွေက သံလွင်မြစ်ကမ်းဘေးလို လူသူအရောက် အပေါက်နည်းတဲ့ တောတောင်ထူထပ်တဲ့နေရာတွေကို ရွှေ့ပြီး အလုပ်လုပ်ဖို့ ကြိုးစားလာတာ ဖြစ်တယ်။ စစ်တပ်ကလည်း တရုတ်ကြီးအလိုကျဖြစ်အောင် အဖမ်းပြတာ၊ ကျားဖြန့်နောက်ကွယ်မှာ ပြည်သူ့စစ်တွေရှိနေတာ လူတိုင်းသိတာပဲလေ၊ ပြည်သူ့စစ်ဆိုတာကလည်း စစ်တပ်လက်အောက်ခံပဲလေ ” နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
အလားတူ မိုင်းရှူးဒေသခံတစ်ဦးကလည်း သံလွင်မြစ်ကမ်းဘေးတွင် တရားမဝင် တရုတ်နိုင်ငံသားများနှင့် လူနေဆောင် အမြောက်အမြောက် ယခုကဲ့သို့ လာရောက်အခြေစိုက်နိုင်ခြင်းမှာ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့အချို့ သို့မဟုတ် အာဏာပိုင်အချို့၏ နောက်ကွယ်မှ အကာအကွယ်ပေးမှုကြောင့်သာ ဖြစ်နိုင်ကြောင်း ၎င်း၏ အမြင်ကို ပြောဆိုသည်။
“ဒေသခံတွေတောင် လွယ်လွယ်ကူကူ သွားလို့မရတဲ့ မြစ်ကမ်းဘေး တောထဲမှာ တရုတ်တွေက ဝါးတဲ အလုံး ၃၀ ကျော်၊ လူနေဆောင်ကြီးတွေ ဆောက်ပြီး နေနေတာဗျာ။ ဒါဟာ မြေပြင်က လက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဘဲ ဘယ်လိုမှ လုပ်လို့မရဘူး။ အခု ဖမ်းမိတယ်ဆိုတာကလည်း သူတို့အချင်းချင်း လိုင်းမတည့်လို့ဖြစ်ဖြစ်၊ ဖိအားကြောင့်ဖြစ်ဖြစ် အပေါ်ယံပြရုံ ဖမ်းတာလားဆိုတာ စောင့်ကြည့်ရမယ်” ဟု မိုင်းရှူးဒေသခံက ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားသော်လည်း နောက်ကွယ်က ကြိုးကိုင်သူများကို အမှန်တကယ် ဖော်ထုတ်နိုင်ခြင်း ရှိ၊ မရှိအပေါ် သံသယများ ရှိနေသည်။
နိုင်ငံရေးလေ့လာသူများ၏ အဆိုအရ မြန်မာနိုင်ငံအတွင်း ခိုင်မာစွာ အမြစ်တွယ်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် မြေပြင်တွင် အကျင့်ပျက်ခြစားမှုများနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည့် အာဏာပိုင်များကိုပါ ထိရောက်ပြင်းထန်စွာ အရေးယူရန် လိုအပ်ကြောင်း ထောက်ပြပြောသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-MOI
