ဝန်ကြီးချုပ်ပြုတ်အောင်ကြည်သိန်း စိတ်ကောက်ပြီး ဆန္ဒပြ၊ ချောင်းဆုံအမတ်များနှင့် ဌာနဆိုင်ရာ တွေ့ဆုံပွဲ မတက်

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် အမတ်များနှင့် ဌာနဆိုင်ရာ တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်ပြုတ်အောင် ကြည်သိန်း(လက်ရှိလွှတ်တော်အမတ်)တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

မေလ၁၆ရက်တွင် တရားမဝင်ရွေးကောက်ပွဲအနိုင်ရ ချောင်းဆုံလွှတ်တော်အမတ်များနှင့် ချောင်းဆုံ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မိတ်ဆက်ပွဲပြုလုပ်ခဲ့ရာ လက်ရှိ ချောင်း ဆုံမြို့နယ်ကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ်အောင်ကြည်သိန်းကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်းမရှိကြောင်း ချောင်းဆုံမြို့ထွေအုပ်ရုံးဝန်ထမ်းတစ်ဦးထံက သိရသည်။

“ဒီအစည်းအဝေးကို ချောင်းဆုံထွေအုပ်က ဦးစီးပြီး ပြုလုပ်တာပါ။အဲဒါ ဦးအောင်ကြည်သိန်းကို ဖိတ် ပေမဲ့ ဘာမှလည်း အကြောင်းမပြန်ဘူး။တက်လည်း မတက်ဘူး။ကျန်တဲ့မွန်ညီညွတ်ရေးပါတီက အ မတ်တွေနဲ့ ပြည်သူ့ပါတီအမတ်ပဲ တက်တယ်”ဟု ၎င်းက MPAသို့ပြောသည်။

စစ်ကောင်စီနှင့် စစ်ကော်မရှင်လက်ထက်တွင် မင်းအောင်လှိုင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဖြစ် ခဲ့သော အောင်ကြည်သိန်းမှာ ယခု အစိုးရတုလက်ထက်၌ ဝန်ကြီးတစ်နေရာပင် ပြန်မရဘဲ လွှတ် တော်အမတ်သာ ဖြစ်နေသောကြောင့် လွှတ်တော်အမတ်များကို ဖိတ်ကြားသည့် ပြည်နယ်အ ဆင့်အစည်းအဝေးများရော မြို့နယ်အစည်းအဝေးများပါ မတက်ဘဲ ဆန္ဒပြနေကြောင်း ဒေသတွင်း ပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးကပြောသည်။

“ရာထူးမရလို့ စိတ်ကောက်ပြီး ဆန္ဒပြနေတာပါ။အောင်ကြည်သိန်းက စိတ်ကောက်တတ်တယ်။ သူ ဝန်ကြီးချုပ်ဘဝတုန်းက သူစိတ်ကောက်တဲ့ဒဏ်ကို ဌာနဆိုင်ရာအကြီးအကဲတွေ တော်တော်ခံရ တယ်။သူ စိတ်ကောက်ရင် စိတ်ကောက်တဲ့သူကို စကားမပြောတော့ဘူး။အသက်ကကြီးပေမဲ့ ကလေး စိတ်မကုန်သေးတာ”ဟု ၎င်းက MPAသို့ပြောသည်။

ကြံ့ဖွံကလွဲ၍ အခြားပါတီမှ လွှတ်တော်အမတ်များကို မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများက လူ ရာသွင်း အဖက်လုပ်ခြင်း မရှိကြောင်း MPAနှင့် မီဒီယာအချို့၌ သတင်းဖော်ပြပြီးနောက် ယခုကဲ့သို့ မိတ်ဆက်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

အောင်ကြည်သိန်းသည် သံသယဖြစ်ဖွယ်ရာ နောက်ကျမဲများဖြင့် မွန်ညီညွတ်ရေးပါတီအမတ်လောင်း ကို မဲအနည်းငယ်သာအသာရကာ ပြည်နယ်လွှတ်တော်အမတ်ဖြစ်လာသော်လည်း ၎င်းကို မဲပေးခဲ့ သည့် ချောင်းဆုံပြည်သူအချို့အပေါ် လေးစားသောအားဖြင့် လွှတ်တော်အမတ်လုပ်ငန်းဆောင်တာ များအား လုပ်ဆောင်ရန်လိုကြောင်း မွန်ညီညွတ်ရေးပါတီနှင့် နီးစပ်သည့် ချောင်းဆုံမြို့နယ်အတွင်းရှိ အဝေးရောက်သက္ကောရွာသားတစ်ဦးက ပြောသည်။

မတ်လ၁၆ရက်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ်၌ လက်ရှိရင်ဆိုင်နေရသော အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အမြင်ချင်းဖလှယ်ခဲ့ ကြောင်း မွန်ညီညွတ်ရေးပါတီမှ တရားမဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုးသူက ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာ၌ ထုတ်ပြန်ထားသည်။

“အဲဒီအစည်းအဝေးတက်တဲ့ အမတ်တွေက ပြည်သူတွေမကြိုက်တဲ့ ချောင်းဆုံမှာ လောင်းကစားဝိုင်း တွေ တရားဝင်ခွင့်ပြုထားတဲ့ကိစ္စကို အစည်းအဝေးမှာ ဘာမှ မပြောခဲ့ဘူး။ အမတ်တွေက ကြောက်ရ ကောင်းမှန်း သိတယ်”ဟု ဒေသတွင်းပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံက ပြောသည်။

အုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြုရေးပိုင်းတို့အကြား ယခုကဲ့သို့ တွေ့ဆုံချိတ်ဆက်နိုင်ခြင်းသည် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည့် အားတက်ဖွယ် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း တရားမဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုးသူက ထုတ်ပြန် သည်။

ယင်းအစည်းအဝေးသို့ တရားမဝင်လွှတ်တော်အမတ် ၄ဦး တက်ရောက်ခဲ့သည်။

စာတည်း-ကိုဆန်း