အာရက္ခပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့် မတ်လအတွင်းက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တရားခံကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က မေလ ၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ယနေ့ မေလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လအတွင်းက နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ မြို့မစေတီတောင်ရွာ၌ နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်သည် တစ်ရွာတည်းနေ သူငယ်ချင်းဖြစ်သူ မိန်းကလေး ၅ ဦးနှင့်အတူ ရွာလမ်းမပေါ်တွင် ပုန်းတမ်းဝှက်တမ်း ကစားခဲ့ကြသည်။ အဆိုပါကစားပွဲတွင် မိန်းကလေးငယ်နှင့် နောက်ထပ်သူငယ်ချင်းတစ်ဦးတို့သည် တစ်ရွာတည်းနေ အသက် ၅၆ နှစ်အရွယ် ဦးရွှေသန်းမောင်၏ နေအိမ်အတွင်းသို့ ဝင်ရောက်ပုန်းအောင်းခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ပုန်းအောင်းစဉ် ဦးရွှေသန်းမောင်သည် အဆိုပါအသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်၏ လက်ကိုဆွဲကာ ပါးစပ်ပိတ်၍ အိမ်ထဲသို့ အတင်းအဓမ္မ ဆွဲသွင်းခဲ့ပြီး ကုတင်ပေါ်တွင် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ပြစ်မှုကျူးလွန်ခြင်းခံရသည့် မိန်းကလေးငယ်က ၎င်း၏မိခင်ဖြစ်သူထံ ပြန်လည်ပြောပြခဲ့ရာမှ အမှုပေါ်ပေါက်လာခြင်း ဖြစ်သည်။
သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူက သားမယားအဖြစ် ပြုကျင့်ခဲ့သူ ဦးရွှေသန်းမောင်ကို ဥပဒေအရ အရေးယူပေးပါရန် မေလ ၈ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် သက်ဆိုင်ရာရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် ဒီလပ်စခန်းက (ပ) ၂၃/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇۶ (မုဒိမ်းမှု) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့သည်။
အမှုဖွင့် တိုင်တန်းပြီးနောက် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) သည် ပြစ်မှုကျူးလွန်သူ တရားခံ ဦးရွှေသန်းမောင်ကို မေလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အမှုဖြင့် ဖမ်းဆီးခဲ့ပြီး ချုပ်ရမန်ယူကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
စစ်ဆေးချက်အရ တရားခံ ဦးရွှေသန်းမောင်က ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများကို ၎င်း၏ သဘောဆန္ဒအတိုင်း တရားရုံးတွင် ဝန်ခံထွက်ဆိုလိုကြောင်း တင်ပြလာခဲ့သဖြင့် မောင်တောမြို့နယ်တရားရုံး၌ ဖြောင့်ချက်ရယူခြင်းနှင့် မျက်မြင်သက်သေများကို တရားရုံးတွင် ကြိုတင်ထွက်ဆိုချက် ရယူခြင်းများကို ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။
လက်ရှိတွင် ကျန်ရှိနေသည့် ရဲလုပ်ငန်းစဉ်များကို ပြီးပြည့်စုံအောင် ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲဆို တင်ပို့သွားမည် ဖြစ်ကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့ကလည်း အများပြည်သူသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေးနှင့် ကာကွယ်နိုင်ရေးအတွက် မိမိတို့၏ ကလေးငယ်များကို ကြိုတင်ကာကွယ် စောင့်ရှောက်ကြရန်၊ သံသယဖြစ်ဖွယ် တွေ့ရှိပါက သတင်းပေးပို့ရန်နှင့် ကလေးငယ်များ ပွင့်လင်းစွာ ပြောဆိုနိုင်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းထားသည်။
ထို့အပြင် ဥပဒေအရ အသက် ၁၆ နှစ်အောက် အရွယ်ရှိသူ မိန်းကလေးငယ်တစ်ဦးကို ခွင့်ပြုချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကာမစပ်ယှက်ခြင်းသည် မုဒိမ်းမှုမြောက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းချက်များကို ထည့်သွင်းအသိပေး နှိုးဆော်ထားသည်။
