စစ်တပ်ထံ အညံ့ခံပူးပေါင်းသွားသူ ၉ဦး၏ အချက်အလက်များကို ထုတ်ပြန်

စစ်တပ်ထံ အညံ့ခံပူးပေါင်းသွားသူ ၉ဦး၏ ကိုယ်ရေးအချက်အလက်များကို သရက်ခရိုင်အမှတ် ၄တပ်ရင်းက ယနေ့(မေ၁၈ရက်)ထုတ်ပြန်လိုက်သည်။

သရက်ခရိုင်အမှတ် ၄တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေရင်း စစ်တပ်ထံ အညံ့ခံပူးပေါင်းသွားသူ ၉ဦးကို အမည်ပျက်စာရင်းကြေညာကြောင်းလည်း ထုတ်ပြန်ထားသည်။

” ၂လပိုင်း နဲ့ ၄လပိုင်းတွေထဲမှာ သူတို့ တာဝန်ကျနေရာတွေကနေပြီး ဆက်သွယ် ပူးပေါင်းသွား တာပါ။ သရက်ခရိုင်၊ မင်းတုန်းနယ်ထဲကနေ ပူးပေါင်းတာဆိုတော့ မင်းတုန်းအတွင်းရှိတဲ့ စစ်၊ရဲ၊ပျူ တွေနဲ့ ချိတ်ဆက်ပြီး ခရိုင်မြို့ဖြစ်တဲ့ သရက်ခလရ ၄၄၊ ကပစ၁၂ တွေကို ပူးပေါင်းသွားတာပါ ” ဟု သရက်ခရိုင်အမှတ် ၄တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MPA သို့ပြောသည်။

စစ်တပ်နှင့် ပူးပေါင်းသွားသူများမှာ ကံမမြို့နယ်၊ ရေနံ့သာကျေးရွာနေ ဖလက် (ခ)သက်ထွန်း၊ ဝက် ကုန်းကျေးရွာနေ စစ်သွေး (ခ) သက်နိုင်ထွန်း၊ ဇွေးမိကျေးရွာနေ တာတီး (ခ) ငဖြိုး၊ ခြောက်ပင် ကျေးရွာနေ သီဟ (ခ) ကျော်သီဟ၊ သရက်မြို့နယ်၊ ပျဉ်းအိုင်ကျေးရွာနေ ဝိုင်းလေး (ခ) ထွန်းနိုင်ဝင်း၊ တောင်မင်းတဲရပ်ကွက်နေ လိုက်ဂါးခေါ် (ခ) သက်ပိုင်စိုးနှင့် နွေဦး (ခ) ကောင်းခန့်ဟိန်း၊ မင်းတုန်းမြို့ နယ်၊ ပြောင်းကျေးရွာနေ တာနော် (ခ) ရှင်းသန့်မောင်နှင့် ကံတွင်းကျေးရွာနေ မြတ်သူ (ခ) နိုင်ထက် ဝေတို့ဖြစ်ကြောင်း သိရသည်။

“တချို့ကို မန္တလေးဘက် ပို့လိုက်တာရှိတယ်။ တချို့ သရက်မြို့မှာ စစ်တပ်နဲ့ပေါင်းပြီး ဂိတ်တွေမှာ လုံခြုံရေးလုပ်နေတာ ရှိတယ်။ ရဲထဲဝင်ဖို့ လုပ်နေတာလည်း ရှိတယ်” ဟု ၎င်းက ဆက်လက်ပြော သည်။

စစ်တပ်နှင့်ပေါင်းသွားသည့် ယင်း၉ဦးသည် သရက်ခရိုင်အမှတ် ၄တပ်ရင်းမှ အခြားရဲဘော်များကို စစ် တပ်နဲ့ပူးပေါင်းရန် ဖုန်းဆက် စည်းရုံးနေကြောင်း သိရသည်။

စာတည်း-ML