လုပ်ငန်းသုံးပစ္စည်းများကို တရုတ်အပြင် အခြားနိုင်ငံများမှလည်း ဝယ်ယူရန် EU က ကုမ္ပဏီများကို ဖိအားပေးမည်

Reuters

ဥရောပသမဂ္ဂနိုင်ငံများမှ ကုမ္ပဏီများအနေဖြင့် အရေးကြီးသော အပိုပစ္စည်း/အစိတ်အပိုင်းများကို တရုတ်အပြင် အခြားရင်းမြစ်များမှလည်း ဝယ်ယူရန် ဖိအားပေးမည့် အစီအစဉ်များကို ရေးဆွဲနေကြောင်း Financial Times သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းသည့် EU ၏ ယခုစည်းမျဉ်းသစ်များသည် ဓာတုဗေဒပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံး စက်ယန္တရားများကဲ့သို့သော အဓိကကဏ္ဍအချို့ရှိ စီးပွားရေးလုပ်ငန်းများကို သက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း အဆိုပါကိစ္စရပ်နှင့် နီးစပ်သည့် EU အရာရှိနှစ်ဦးကို ကိုးကား၍ သတင်းတွင်ဖော်ပြထားသည်။

ဥပဒေအသစ်အရ ကုမ္ပဏီများသည် အပိုပစ္စည်းများ၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်ကိုသာ ပံ့ပိုးသူတစ်ဦးတည်းထံမှ ဝယ်ယူခွင့်ရှိမည်ဖြစ်ပြီး ကျန်ရှိသည်များကိုမူ တူညီသောနိုင်ငံမှ မဟုတ်သည့် အနည်းဆုံး မတူညီသော ပံ့ပိုးသူ သုံးဦးထံမှ ရှာဖွေဝယ်ယူရမည်ဖြစ်ကြောင်း FT သတင်းစာက ဆိုသည်။

တရုတ်နိုင်ငံသည် သတ္တုတွင်းထွက်ပစ္စည်းအမြောက်အမြားကို သန့်စင်ချက်လုပ်သည့်ကဏ္ဍတွင် ၎င်းတို့၏ လက်ဝါးကြီးအုပ်နိုင်စွမ်းကို အခွင့်ကောင်းယူ၍ တစ်ခါတစ်ရံတွင် ပို့ကုန်များကို ကန့်သတ်ခြင်း၊ ဈေးနှုန်းများကို နှိမ်ထားခြင်းတို့ ပြုလုပ်နေပြီး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductors) များ၊ လျှပ်စစ်ကားများနှင့် အဆင့်မြင့်လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများအတွက် အခြားနိုင်ငံများ၏ အရင်းအမြစ် ရှာဖွေနိုင်စွမ်းကို လျှော့ချနေချိန်တွင် ယခုကဲ့သို့ EU ၏ အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေးမင်းကြီး မာရို့ရှ် ဆက်ဖ်ကိုဗစ်သည် တစ်ရက်လျှင် ယူရို ၁ ဘီလီယံ ရှိနေသည့် EU အုပ်စု၏ ကုန်သွယ်ရေးလိုငွေပြမှုကို ဖြေရှင်းရန်နှင့် တရုတ်နိုင်ငံ၏ “ကုန်သွယ်ရေးကို လက်နက်သဖွယ် အသုံးချမှု” ဘေးမှ ကုမ္ပဏီများကို ကာကွယ်ရန်အတွက် တရုတ်နိုင်ငံထုတ် ဓာတုဗေဒပစ္စည်းများနှင့် စက်ယန္တရားများအပေါ် ပြစ်ဒဏ်ခတ်သည့် အခွန်နှုန်းထားများ (Punitive tariffs) ဆက်တိုက်ချမှတ်ရန် စီစဉ်နေကြောင်း အဆိုပါသတင်းစာက ဆိုသည်။

FT သတင်းစာ၏ အစီရင်ခံစာအရ ယင်းသို့ကန့်သတ်သည့် ကနဦးအဆင့် အစီအစဉ်များကို မေ ၂၉ ရက်တွင် ပြုလုပ်မည့် တရုတ်အရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ပြီး၊ ထို့နောက် ဇွန်လနှောင်းပိုင်းတွင် EU ခေါင်းဆောင်များက အတည်ပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။