Khaosod English
မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီးတွင် ပမာဏ ၅.၃ ရှိ ငလျင်တစ်ခု ယနေ့ မေလ ၁၈ ရက် နံနက်ပိုင်းက လှုပ်ခတ်သွားခဲ့ရာ ဘန်ကောက်မြို့တစ် တွင် သိသာထင်ရှားသော တုန်ခါမှုများ ဖြစ်ပေါ်ခဲ့ပြီး အထပ်မြင့်အဆောက်အအုံများမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခဲ့ရသည်။
အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်တွင် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းအနီး၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ငလျင်စောင့်ကြည့်ရေးဌာန (TMD) က ပြောကြားခဲ့သည်။
ငလျင်ဗဟိုချက်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် တည်ရှိပြီး တာ့ခ် ပြည်နယ်၊ မဲဆောက် ခရိုင်၏ အနောက်တောင်ဘက် ၂၄၇ ကီလိုမီတာခန့်အကွာတွင် ရှိသည်။
အဆိုပါ တုန်ခါမှုကြောင့် ထိုင်းနိုင်ငံရှိ အဆောက်အအုံများအပေါ် ချက်ချင်းထိခိုက်နိုင်မည့် အန္တရာယ်မျိုး မရှိခဲ့ဘဲ လက်ရှိအချိန်ထိ ပျက်စီးဆုံးရှုံးမှု သတင်းများလည်း ထွက်ပေါ်လာခြင်း မရှိသေးပေ။
ငလျင်စောင့်ကြည့်ရေးဌာန (TMD) ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသားမှုများအရ Don Mueang၊ Phaya Thai ၊ Bang Rak ၊ Huai Khwang ၊ Pathum Wan ၊ Khlong Toei နှင့် Chatuchak အပါအဝင် ဘန်ကောက်မြို့ရှိ အဓိကခရိုင်များမှ မိုးပျံတိုက်ကြီးများ၏ အပေါ်ထပ်တွင် ရှိနေသူများသည် တုန်ခါမှုကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
ဘန်တောက်မြို့တော်ဝန်းကျင် တစ်ခုလုံးတွင် တုန်ခါမှုများကို ခံစားခဲ့ရပြီး၊ အထူးသဖြင့် အထပ်မြင့်အဆောက်အအုံများ၏ အပေါ်ထပ်များတွင် ရှိနေသူများသည် အဆောက်အအုံများ ယိမ်းထိုးသွားခြင်းနှင့် မီးဆိုင်းများ လှုပ်ယမ်းသွားခြင်းတို့ကို သတိပြုမိခဲ့ကြသည်။
ဘန်ကောက်မြို့ရှိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) အဆောက်အအုံမှာမူ သိသိသာသာ ယိမ်းထိုးသွားခဲ့ပြီး ဆွဲလဲချိတ်ဆွဲထားသည့် မီးအိမ်များ လှုပ်ခတ်သွားသည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်။
အာဏာပိုင်များက ကြိုတင်ကာကွယ်သည့်အနေဖြင့် အဆိုပါအဆောက်အအုံအတွင်းရှိ ဝန်ထမ်းများကို အမြန်ဆုံး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး အဆောက်အအုံ၏ ကြံ့ခိုင်မှုနှင့် အတွင်းပိုင်းစနစ်များကို စစ်ဆေးခဲ့ကြသည်။
ငလျင်ဗဟိုချက်မှာ ထိုင်းနိုင်ငံပြင်ပတွင် ရှိနေခဲ့သော်လည်း ဘန်ကောက်မြို့၏ ပျော့ပျောင်းသော ရွှံ့စေးမြေသားတည်ဆောက်ပုံက ငလျင်လှိုင်းများကို ပိုမိုပြင်းထန်လာစေနိုင်တာကြောင့် အဝေးကလှုပ်သည့် ငလျင်တုန်ခါမှုများကို မြို့တော်တစ်ခုလုံး ခံစားရခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
