ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း စစ်ရှောင်ပြည်သူများကို ကျပ်သိန်း၈၀၀ကျော် ထောက်ပံ့ခဲ့ ကြောင်း သိရသည်။
ဧပြီလပိုင်းကတည်းက နတ်တလင်းမြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ရှောင်တိမ်းနေရသည့် စစ်ရှောင်အိမ်ထောင်စု ၃ထောင်ကျော်အနက် အိမ်ထောင်စု ၄၁၅စုကို တစ်အိမ်ထောင်လျှင် ကျပ်နှစ်သိန်းတစ်သောင်းကျပ်နှုန်းဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ< ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံမှု နှင့် ပြည်တွင်း၊ပြည်ပ ထောက်ပို့အလှူရှင်များ အကူအညီဖြင့် ထောက်ပံ့ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂က ယနေ့(မေ၁၈ရက်)ည သတင်းထုတ်ပြန်သည်။
” နတ်တလင်းကို ၄လပိုင်းထဲက ထိုးနေတာပါ။ ပထမအပတ်ထဲက ထိုးနေတာပါ။ အခုက မိုးတွေ ရွာတော့ အကုန်အခက်အခဲတွေ ဖြစ်။ လက်ရှိက မိုးကာတွေ နဲ့ ရိက္ခာ ခက်ခဲကြပါတယ်။ စစ်ကြောင်း ကထိုး မိုးတွေက ဆက်ရွာနေတော့ အမိုးအကာမရှိကြတာပေါ့။ ရိက္ခာအနေနဲ့ကလည်း လောလော ဆယ် စစ်ကြောင်းထိုးနေတော့ သွားရောက် ဝယ်ယူဖို့ကလည်း ခက်ခဲတယ်ပေါ့နော်။ လောလော ဆယ် လမ်းကြောင်း အနေအထားအရပေါ့။ ကလေးလူကြီး အပါ သောင်းကျော် ရှိပါတယ်ဗျ” ဟု ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂တာဝန်ခံက MPA သို့ပြောသည်။
ကျန်ရှိသည့် အိမ်ထောင်စုများကို ဆက်လက် ကူညီ ထောက်ပံ့ပေးနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ ကူညီကြရန် ဗျူဟာ ၂၂က မေတ္တာရပ်ခံထားသည်။
ယင်းထောက်ပံ့မှုများ စစ်ရှောင်ပြည်သူတို့ထံ အမြန်ဆုံးရောက်ရှိရန် ဗျူဟာ ၂၂ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁နှင့် ပကဖတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာတည်း-ML
