တပ်ချုပ်သစ် ရဲဝင်းဦးက တပ်မှူး ဇနီးတွေကို မိခင်လို ဆက်ဆံခိုင်း

တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် တပ်တွင်းအုပ်ချုပ်မှုကို တပ်မှူးနှင့် ဇနီးများက မိဘကဲ့သို့ အုပ်ချုပ်ရမည်ဟု ပြောကြားချက်သည် ပဒေသရာဇ်စနစ်ဖြစ်ကြောင်း ဝေဖန်မှုများရှိနေသည်။

ရဲဝင်းဦးက အထက်ပါ စကားကို ကလောတပ်နယ်ရှိ စစ်သားမိသားစုဝင်းများနှင့် မေ ၁၈ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အုပ်ချုပ်မှုအပိုင်းတွင် တပ်မှူးများအနေဖြင့် ဖခင်ကောင်းစိတ်ဓာတ်၊ ခေါင်းဆောင်ကောင်းစိတ်ဓာတ်ဖြင့် အုပ်ချုပ်ရမည်ဖြစ်သလို၊ တပ်မှူးများ၏ ဇနီးများကလည်း မိခင်သဖွယ် စိတ်ဓာတ်ဖြင့် ထိန်းကျောင်းပေးရန် လိုအပ်သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တပ်တွင်းစည်းလုံးညီညွတ်မှု ကောင်းမွန်ရန် အထက်အောက် ဆက်ဆံရေး ကောင်းမွန်နေရမည် ဖြစ်ပြီး၊ တပ်တွင်းစည်းလုံးမှု တည်ဆောက်ခြင်းသည် အင်အားတည်ဆောက်ခြင်းသာ ဖြစ်သလို စစ်ရေးစွမ်းရည်ကိုလည်း ဖြစ်ပေါ်စေသည်ဟု သူက ဆိုသည်။

အုပ်ချုပ်မှုကောင်းမွန်ရန်အတွက် မျက်နှာလိုက်ခြင်းကင်းမဲ့သော၊ ကျောသားရင်သား မခွဲခြားသော စိတ်ဓာတ်များဖြင့် မျှတစွာ စီမံဆောင်ရွက် ကွပ်ကဲအုပ်ချုပ်ရန်လိုသည်ဟုလည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကလောတပ်နယ် မိသားစုများကို တိုက်တွန်းခဲ့သည်။

ဒီပြောဆိုချက်အပေါ် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ လေ့လာသူတစ်ဦးက “ဒါဟာ မြန်မာစစ်တပ်က အစဉ်အဆက် သုံးလာတဲ့ ဝါဒဖြန့် ပုံသေကားချပ် စကားလုံးတွေသာဖြစ်တယ် ။ လက်တွေ့မြေပြင်နဲ့ လုံးဝမသက်ဆိုင်ဘူး။ နိုင်ငံတကာ စံချိန်စံညွှန်းမီ စစ်တပ်တွေမှာ တပ်မှူးဇနီးဆိုတာ အရပ်သားပဲ ဖြစ်လို့ တပ်တွင်းအုပ်ချုပ်ရေးမှာ ဝင်စွက်ဖက်ပိုင်ခွင့် လုံးဝမရှိပါဘူး။ အခုလို တပ်မှူးဇနီးတွေကိုပါ မိခင်သဖွယ် အာဏာပြခိုင်းတာဟာ စစ်တပ်ကို ပဒေသရာဇ်အိမ်ထောင်စုလို သဘောထားနေတဲ့ သက်သေပဲ” ဟု ထောက်ပြသည်။

စစ်ကော်မရှင်သည် မြေပြင်တွင် စစ်ရှုံးနေပြီး စစ်သားစုဆောင်းရခက်ခဲသဖြင့် ပြည်သူများကို အဓမ္မပေါ်တာဆွဲကာ စစ်ထဲသို့ သွတ်သွင်းနေရသည့်အချိန်တွင် တပ်တွင်းစည်းလုံးညီညွတ်မှုဆိုသည်မှာ စာအုပ်ထဲ၌သာ ရှိတော့ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

“အထက်က အရာရှိတွေကတော့ စည်းစိမ်ခံပြီး အောက်ခြေရဲဘော်တွေကိုကျတော့ အသေခံခိုင်းနေတဲ့အပြင်၊ ကျောသားရင်သား ခွဲခြားဆက်ဆံမှုတွေကြောင့် တပ်တွင်းစိတ်ဓာတ်ပိုင်းက လုံးဝပျက်ပြားနေပါပြီ” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာစစ်တပ်များသည် တပ်မှူးများကို ဖခင်များကဲ့သို့လည်းကောင်း၊ တပ်သားများကို သားသမီးများကဲ့သို့လည်းကောင်း စိတ်ခံစားချက်ဖြင့် မအုပ်ချုပ်ဘဲ၊ တိကျသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်ဥပဒေများနှင့်သာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ကိုင်တွယ်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။။

ယခုကဲ့သို့ ရဲဝင်းဦးက တပ်နယ်များသို့ သွားရောက်ကာ စည်းလုံးရေးစကားများ လိုက်ပြောနေရခြင်းသည် မြေပြင်မှ အောက်ခြေရဲဘော်များနှင့် မိသားစုဝင်များကြားထဲတွင် စိုးရိမ်စိတ်နှင့် မကျေနပ်မှုများ ကြီးထွားနေသည်ကို ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ပြောဆိုချက်များသည် ခေတ်သစ်စစ်တပ်များ၏ စံနှုန်းများနှင့် လုံးဝလွဲချော်နေပြီး၊ ပျက်စီးယိုယွင်းနေသည့် တပ်တွင်းစိတ်ဓာတ်ကို ရှေးဟောင်းအတွေးအခေါ်များဖြင့် ပြန်လည်ဖာထေးရန် ကြိုးစားသည့် ဝါဒဖြန့်မှု သက်သက်သာ ဖြစ်ကြောင်း ထောက်ပြမှုများလည်းရှိသည်။

စာတည်း-ကိုဆန်း