စိုင်းပြင်မြို့ ရဲစခန်းသိမ်းတိုက်ပွဲအတွင်း PDFသုံးခဲ့သည့် ပြည်သူပိုင်ပစ္စည်းများအတွက် ကုန်ကျစရိတ် ပြန်ပေးမည်

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊စိုင်းပြင်မြို့ ရဲစခန်းသိမ်းတိုက်ပွဲအတွင်း PDF ရဲဘော်များ အသုံးပြုခဲ့ သည့် ပြည်သူပိုင်ရိက္ခာနှင့် အသုံးအဆောင်များအတွက် ကုန်ကျစရိတ်ပြန်လည်တာဝန်ယူပေးမည်ဟု အမှတ်တစ် ရွှေဘိုခရိုင်စစ်ဌာနက ထုတ်ပြန်သည်။

စိုင်းပြင်မြို့ နယ်မြေရဲစခန်းကို မေလ၁၄ရက်တွင် တိုက်ခိုက်ခဲ့ပြီး မေ၁၆ရက်၌ အပြီးသတ်သိမ်းပိုက် ခဲ့ရာ ယင်းတိုက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ရန် နေအိမ်အချို့အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းများရှိခဲ့ပြီး ရိက္ခာနှင့် အသုံးအဆောင်အချို့ ယူငင်သုံးဆောင်ခဲ့ခြင်းများရှိခဲ့သည့် အပေါ် ပြည်သူများအနေနှင့် စာနာနားလည်ပေးရန်လည်း အမှတ်တစ် ရွှေဘိုခရိုင်စစ်ဌာနက ဆိုသည်။

“ပြည်သူတွေရဲ့ ပစ္စည်း PDF သုံးလိုက်မိတာတွေကို ပြန်လျော်ပေးမယ်ဆိုတာက ပြည်သူ့ကာကွယ် ရေးတပ်မတော်ရဲ့ ကျင့်ဝတ်နဲ့ ပြည်သူအပေါ် အလေးထားမှုကို ပြလိုက်တာပဲ။အိမ်တွေထဲ ပြန်နေဖို့ ကိစ္စကတော့ စောလွန်းသေးတယ်လို့ ထင်တယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

တိုက်ပွဲများကြောင့် စိုင်ပြင်မြို့မှ စစ်ဘေးရှောင်နေကြသည့် ပြည်သူများအနေနှင့် မိမိတို့နေအိမ်များ ထံ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်းနှင့် ပြန်လည်ဝင်ရောက်နေထိုင်ရာတွင် တပ်စခန်း အတွင်းနှင့် ပတ်ဝန်းကျင်၌ နင်းမိုင်းများ၊ တိုက်မိုင်းများ ကျန်ရှိနေနိုင်သဖြင့် ဝင်ရောက်ခြင်းမပြုရန်၊ မပေါက်ကွဲသေးသည့် ဗုံးသီးများ၊ ခဲယမ်းများတွေ့ရှိရပါက မိမိဘာသာ ကိုင်တွယ်ရှင်းလင်းခြင်းမပြုဘဲ မြို့တွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များကို အကြောင်းကြားရန်၊ မိမိတို့နေအိမ်များတွင် မသင်္ကာဖွယ်လူ များတွေ့ရှိပါက ပြည်သူ့လုံခြုံရေးအဖွဲ့များထံ ချက်ချင်း အကြောင်းကြားရန်၊ စစ်လက်နက်ပစ္စည်း များ တွေ့ရှိရပါက အမှတ်တစ် ရွှေဘိုခရိုင်စစ်ဌာနထံ အပ်နှံရန်၊ရန်သူသည် လေကြောင်းတိုက်ခိုက်မှု အပြင် မြေပြင်စစ်ကြောင်းများပါ ဝင်ရောက်လာနိုင်သဖြင့် လုံခြုရေးအသိ သတိများဖြင့် နေထိုင်ကြ ရန်နှင့် အမှတ်တစ်ရွှေဘိုခရိုင်စစ်ဌာနမှ ထုတ်ပြန်ထားသည့် စစ်ဖက်လုံခြုံရေးစည်းကမ်းများကို ဆက် လက်လိုက်နာကြရန် အမှတ်တစ် ရွှေဘိုခရိုင်စစ်ဌာန မေတ္တာရပ်ခံ ထားသည်။

စာတည်း-ML