တရားမဝင်ရွေးကောက်ပွဲတွင် ရှုံးခဲ့သည့် ချောင်းဆုံကြံ့ဖွံ့ဥက္ကဌကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အဖြစ် ဆက်ခန့်

ဓာတ်ပုံ-ပေးပို့
မျိုးဝင်း(အင်္ကျီအဖြူ)နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း။

19 May 2026 By /MPA

တရားဝင်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ချောင်းဆုံ ကြံ့ဖွံ့ဥက္ကဌကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်အဖြစ် ဆက်လက်ခန့်ထားကြောင်း သိရသည်။

တရားမဝင်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်းအ ဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ချောင်းဆုံကြံ့ဖွံ့ပါတီဥက္ကဌ မျိုးဝင်းသည် ရွေးကောက်ပွဲ၌ မွန်ညီညွတ် ရေးပါတီအမတ်လောင်းကို မဲ၂၀၀၀အကွာဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယခုမေလဆန်း၌ ချောင်းဆုံမြို့ နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်အဖြစ် ဆက်လက်ခန့်အပ်ခဲ့ကြောင်း ဒေသတွင်းပါတီ များနှင့် နီးစပ်သော မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။

“မျိုးဝင်းက အောင်ကြည်သိန်း(တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း)ရဲ့ တပည့်ရင်း။အရင်က လည်း ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ပဲ။ရွေးကောက်ပွဲဝင်တဲ့အချိန်မှာ စီမံအဖွဲ့ဝင်ကနေ ထွက်လိုက်သလားဆိုတာ တရားဝင်မကြေညာခဲ့ဘူး။တခြားပါတီတွေကလည်း ကြံ့ဖွံ့ကို ကြောက် တော့ ကွန်ပလိန်းမတက်ခဲ့ဘူး။အခု ထပ်ခန့်ပြန်တယ်”ဟု ၎င်းက MPAသို့ ပြောသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌမှာ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး အတွင်းရေး မှူးမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်ကာ စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊မြို့နယ်ဥပဒေ အ ရာရှိ၊ မြို့နယ်လဝကဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးတို့မှာ အဖွဲ့ဝင် များဖြစ်ကြောင်း သမ္မတတုရုံး၏ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၌ ဖော်ပြထားသည်။

“ကျနော်တို့ဒေသခံတွေ နားလည်ထားတာက မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးဆို တာက မြို့က ဂုဏ်သရေရှိ မြို့မိမြို့ဖကို ရည်ညွှန်းတာပါ။ ဂုဏ်သရေရှိ မြို့မိမြို့ဖကို မခန့်ရင်တောင် ပါတီဝင်မဟုတ်တဲ့သူတော့ ဖြစ်ရမှာပေါ့။အခုကတော့ ကြံ့ဖွံ့ဥက္ကဌကို တောက်လျှောက်ခန့်တာက များလွန်းတယ်”ဟု ချောင်းဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်သားတစ်ဦးက ပြောသည်။

ကြံ့ဖွံ့ဥက္ကဌ မျိုးဝင်းကို ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းက ခန့်အပ်ခြင်းဖြစ်ပြီး ၎င်း တို့၂ဦးစလုံးသည် တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း အောင်ကြည်သိန်း၏ တပည့်များ ဖြစ်ကြောင်း သိရသည်။

“ဇော်နိုင်ဝင်းနဲ့ မျိုးဝင်းဆိုတာက ချောင်းဆုံမှာ နာမည်ကြီးတဲ့ လာဘ်စားကောင်ကြီးတွေ။ ၂ယောက် ပေါင်းပြီး လာဘ်စားခဲ့တာ ချောင်းဆုံသားတိုင်း သိတယ်။အခုတော့ ဝန်ကြီးချုပ်သစ်ပြောင်းလို့ နည်း နည်း ငြိမ်နေတယ်”ဟု ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် စစ်ကော်မရှင်လက်ထက် ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တွင် ပြောင်ပြောင် တင်းတင်း လာဘ်စားကြသူများမှာ ဇော်နိုင်ဝင်းနှင့် မျိုးဝင်းဖြစ်ပြီး ကျန်အဖွဲ့ဝင်များမှာ ၎င်းတို့ကဲ့သို့ နာမည်မကြီးကြောင်း သိရသည်။

စာတည်း-ကိုဆန်း