နိုင်ငံတကာ တားမြစ်ထားသည့် ပဒေသာဗုံး ( Cluster Bomb ) များအသုံးပြုကာ ချင်းပြည်နယ်အတွင်း စစ်တပ်က အပြင်းအထန်တိုက်ခိုက်နေကြောင်း Women For Justice – WJ က သတင်းထုတ်ပြန်သည်။
ယင်းဗုံးများ အသုံးပြုတိုက်ခိုက်နေခြင်းများကြောင့် ချင်းပြည်နယ်ရှိ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ် လန့်မှုများ မြင့်တက်နေကြောင်းလည်း ဆိုသည်။
“အစုလိုက်အပြုံလိုက် ပြည်သူသေဆုံးတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ကျူးလွန်ခဲ့ တာတောင် နိုင်ငံတကာက ကန့်ကွက်လည်း လေနဲ့ ခဏတဖြုတ်ပဲဆိုတာကို စစ်တပ်က ကောင်းကောင်းသဘော ပေါက်နေပြီ။အဲဒါကြောင့် ပဒေသာဗုံးလည်း သုံးမှာပဲ။နျူကလီးယားဗုံးတောင် ရှိရင် သုံးဦးမှာ”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ဧပြီလအတွင်း စစ်တပ်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက် ခိုက်မှုများကြောင့် အမျိုးသား ၄ဦး၊ အမျိုးသမီး ၂ဦး၊ ကျား/မ မခွဲခြားနိုင်သူ ၁၀ဦး သေဆုံးခဲ့ပြီး အမျိုးသား ၇ဦး၊ အမျိုးသမီး ၉ဦး၊ ကျား/မ မခွဲခြားနိုင်သူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကာ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း လည်း ထုတ်ပြန်ထားသည်။
စစ်တပ်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ နေရာအချို့တို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် လေကြောင်းအန္တရာယ် ကြိုတင်သတိပေးချက်များ မရကာ ပြည်သူ များ အသက်ဆုံးရှုံးမှု အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ဆိုသည်။
စစ်တပ်သည် အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေညှစ်ခြင်း များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကာ ဧပြီလအတွင်း လူငယ်နှင့် လမ်းသွားလမ်းလာ ၆၆ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
