AFP
တရုတ်နိုင်ငံ၊ ဟောင်ကောင်ရှိ Quarry Bayရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ပေါင် ၁,၀၀၀ ဗုံးတစ်လုံးကို စက်တင်ဘာ ၁၉ ရက်က တွေ့ရှိခဲ့ခြင်းကြောင့် အဆောက်အအုံ ၁၈ ခုမှ လူပေါင်း ၆,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါဗုံးသည် ပေါက်ကွဲနိုင်သည့် အခြေအနေရှိကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယနေ့ (စက်တင်ဘာ၂၀ရက်) နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့၏အကူအညီဖြင့် လူ ၂,၈၀၀ ကျော်ကို ထပ်မံ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ဗုံးဖျက်ဆီးရေးလုပ်ငန်းကို စတင်ခဲ့ပြီး ၁၂ နာရီကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဟောင်ကောင်သည် ဂျပန်အင်ပါယာ၏ အာရှစစ်ဆင်ရေးအတွက် ဦးစားပေးပစ်မှတ်များထဲမှ တစ်ခုဖြစ်သည်။
စစ်အတွင်းက ဂျပန်တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့များအကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ ဟောင်ကောင်တွင် တောင်တက်သမားများနှင့် ဆောက်လုပ်ရေးလုပ်သားများသည် မပေါက်ကွဲသေးသည့် ဗုံးများကို မကြာခဏ တွေ့ရှိနေရဆဲဖြစ်သည်။
၂၀၁၈ ခုနှစ်ကလည်း အမေရိကန်လုပ် ဗုံးသုံးလုံးကို ဟောင်ကောင်၏ ဝမ်ချိုင် ခရိုင်တွင် တွေ့ရှိခဲ့သည်။
ယခုတွေ့ရှိခဲ့သည့် ဗုံးသည် ၂၀၁၈ ခုနှစ်တွင် တွေ့ရှိခဲ့သည့် အမျိုးအစားနှင့် အတူတူပင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်။
