ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာချိန်တွင် စစ်ကော်မရှင်ဘက်က ရှေ့တန်းရောက် တပ်ဖွဲ့ဝင်များအတွက် ကြက်ဥပလာတာ၊ Royal D အချိုရည်နှင့် ဆေးလိပ်များကို လေကြောင်းမှတစ်ဆင့် အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်သားများကို ကြက်ဥပလာတာ ကျွေးချင်းသည် ဓာတ်ရိုက်ဓာတ်ဆင်သဘောမျိုးဖြစ်ပြီး ယတြာချေခြင်းဖြစ်ကြောင်း မြန်မာ့ရိုးရာဆန်းကျမ်းနှင့် နက္ခတ်ဗေဒင်ပညာရှင်တစ်ဦးက MPA သို့ပြောသည်။
“စစ်ပွဲမှာ အရေးအနိမ့်ခံနေရတဲ့ အချိန်မျိုးမှာ ပစ္စည်းသုံးမျိုးကို တွဲပြီး ဓာတ်ဆင်တာဟာ အဓိပ္ပာယ်ရှိပါတယ်။ ဗေဒင်အခေါ် ဥဆိုတာ ဘေးဥပဒ်နဲ့ ရန်သူ့ထိုးစစ်ကို သန္ဓေတည်စေတဲ့ သဘောရှိပြီး ၊ ပလာတာ ကတော့ အချည်းနှီး ပလာဖြစ်သွားစေတာ ဖြစ်တဲ့အတွက် ရန်သူ့ထိုးစစ်တွေ အဖတ်မတင်ဘဲ ပလာတာ ဖြစ်သွားအောင် ဓာတ်ရိုက်ဓာတ်ဆင် လုပ်လိုက်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗန်းမော်ရှေ့တန်းစခန်းများသို့ ရိက္ခာချပေးရာ၌ ပုံမှန်စစ်မြေပြင်သုံး အသင့်စား ရိက္ခာခြောက်များအစား တပ်မတော်ချစ်မြတ်နိုးသူများ၏ ဂုဏ်ပြုမှုအမည်ခံဖြင့် အဆိုပါ ပစ္စည်းများကို ထည့်သွင်းပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မြန်မာ့ရိုးရာဆန်းကျမ်းနှင့် နက္ခတ်ဗေဒင်ပညာရှင်က လှူဒါန်းသည့် ပစ္စည်းများ၏ နာမည်နှင့် နေ့နံဓာတ်များအပေါ် ဆက်လက်ဆန်းစစ်ရာတွင် “Royal D ဆိုတဲ့ အချိုရည်က တော်ဝင်သျှောင်တွေကို အကာအကွယ်ပေးမယ့် D (Defend – ကာကွယ်ခြင်း) သဘောကို ဆောင်ပါတယ်။ ဆေးလိပ် ဆိုတာကတော့ ရန်သူ့ဘက်က ပစ်ခတ်လာမယ့် သေနတ်ကျည်ဆန်တွေဟာ မီးခိုးငွေ့လိုပဲ လေထဲမှာတင် ပျယ်လွင့် စဲပြတ်သွားစေဖို့ လိပ် ပစ်လိုက်တဲ့ အစီအရင်မျိုး ဖြစ်နိုင်တယ်” ဟု ဆိုသည်။
“မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ရှေ့တန်းမှာ စစ်ရှုံးပြီဆိုရင် နန်းတွင်းဗေဒင်ဆရာတွေရဲ့ စကားကို နားထောင်ပြီး ယတြာခြေလေ့ ရှိတာ ထုံးစံလို ဖြစ်နေပါပြီ။ အခုလည်း KIA က ဗန်းမော်ကို အပြင်းအထန် ထိုးစစ်ဆင်လာလို့ စစ်ရေးအရ အကျပ်ရိုက်နေတဲ့အချိန်မှာ မြေပြင်တပ်တွေ ကံဇာတာ ပြန်ပွင့်လာဖို့ ဒေသအလိုက် ဓာတ်စာကျွေးပြီး ယတြာချေခိုင်းတာ ဖြစ်တယ်” ဟု ဗေဒင်ပညာကို ယုံကြည်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ဗန်းမော်စစ်ပွဲကြောင့် မြေပြင်လမ်းကြောင်းများ အားလုံးပိတ်ဆို့နေသဖြင့် စစ်ကော်မရှင်သည် လေကြောင်းလိုင်းတစ်ခုတည်းကိုသာ အားကိုး၍ ရိက္ခာချပေးနေရကြောင်း၊ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် အချိန်မျိုးတွင်မှ အခြေအနေနှင့်မမျှဘဲ ကြက်ဥပလာတာနှင့် ဆေးလိပ်များကို အရေးပေါ် လာရောက်ချပေးနေခြင်းမှာ တပ်တွင်း၌ စိတ်ဓာတ်ကျဆင်းနေသည့် စစ်သားများကို ယတြာအစွမ်းဖြင့် စိတ်ဓာတ်မြှင့်တင်ပေးရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
အခြားတစ်ဖက်တွင် နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများကမူ စစ်ကော်မရှင်သည် ကချင်ပြည်နယ်အတွင်း နယ်မြေစိုးမိုးမှု အဘက်ဘက်က ဆုံးရှုံးနေသဖြင့် စစ်သားများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်ရန် တရားဝင်မဟုတ်သော နည်းလမ်းများကို အားကိုးလာရခြင်း ဖြစ်ကြောင်း ထောက်ပြကြသည်။
အထူးသဖြင့် စစ်ဆင်ရေးအမည်များမှစ၍ အခေါ်အဝေါ်နှင့် ဓာတ်သဘောအရ ရန်သူ့အပေါ် အသာစီးရစေမည့် အစီအစဉ်များကို စနစ်တကျ ထည့်သွင်းတွက်ချက်လေ့ ရှိကြောင်း လေ့လာသူများက ဆိုသည်။
စစ်ကော်မရှင်၏ တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များတွင်မူ ပြန်လည်သိမ်းပိုက်ထားသည့် နယ်မြေများနှင့် ရှေ့တန်းစခန်းများသို့ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ယာဉ်တန်းများ၊ လေကြောင်းလိုင်းများဖြင့် အပြည့်အဝ ထောက်ပံ့ပေးနေပြီဖြစ်ကြောင်းနှင့် ပြည်သူများက လှူဒါန်းခြင်းဖြစ်ကြောင်း ဆက်တိုက် ဝါဒဖြန့်လျက်ရှိသည်။
သို့သော်လည်း မြေပြင်ရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကမူ ၎င်းတို့၏ နယ်မြေစိုးမိုးရေး ကြိုးပမ်းမှုများသည် လက်တွေ့တွင် ထိရောက်မှုမရှိဘဲ ဝါဒဖြန့်မှုများနှင့် ယတြာများအပေါ်တွင်သာ မှီခိုနေရသည်ဟု ရှုမြင်ကြသည်။
နက္ခတ်ဗေဒင်ပညာရပ်အရ အကျပ်အတည်းဆိုက်နေသည့် ဇာတာရှင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုသည် ကံနိမ့်နေချိန်တွင် ကံမြှင့်ရန်အတွက် သက်သက်လွတ် သို့မဟုတ် သတ်မှတ်ထားသော အစားအစာများကို ကျွေးမွေး၍ ယတြာခြေလေ့ရှိရာ၊ ယခု ကြက်ဥပလာတာနှင့် အချိုရည်ကိစ္စသည်လည်း စစ်ခေါင်းဆောင်များ၏ ကံဇာတာကို ပြန်လည်ကုစားရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်ဟု မြန်မာ့ရိုးရာဆန်းကျမ်းနှင့် နက္ခတ်ဗေဒင်ပညာရှင်တစ်ဦးက သုံးသပ်သည်။
သို့သော် မြေပြင်တွင် လောကီအစီအမံများသည် စစ်မြေပြင်၏ ပကတိရလဒ်ကို ပြောင်းလဲနိုင်ခြင်း မရှိကြောင်း စစ်ရေးစောင့်ကြည့်သူများက သုံးသပ်သည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးကလည်း စစ်ကော်မရှင်၏ ရက် (၁၀၀) စီမံချက်သည် မြေပြင်တွင် အုပ်ချုပ်နိုင်စွမ်းနှင့် စစ်ရေးအရ အကန့်အသတ်များစွာ ရှိနေကြောင်း၊ လေကြောင်းကိုသာ အလွန်အကျွံ အားကိုးနေရပြီး မြေပြင်ယန္တရားများ ပြန်လည်လည်ပတ်နိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ဂုဏ်ပြုပစ္စည်းများ ပို့ဆောင်ခြင်းမှာ ပြည်သူလူထုနှင့် ရှေ့တန်းစစ်သားများကို လှည့်စားသည့် ဝါဒဖြန့်မှုသက်သက်သာ ဖြစ်ကြောင်း MPA သို့ ပြောကြားသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ မေလဆန်းပိုင်း အစီရင်ခံစာများတွင်လည်း စစ်ကော်မရှင်၏ မူဝါဒများနှင့် ရက် ၁၀၀ စီမံချက်များသည် ခိုင်မာမှုမရှိဘဲ ယေဘုယျဆန်နေကြောင်း ထောက်ပြထားပြီးဖြစ်ရာ၊ မြေပြင်စစ်စခန်းများ၌ ရိက္ခာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြတ်လပ်မှုများကို ကျော်လွှားရန်အတွက် ယတြာဆင်သည့် နည်းလမ်းများကိုပါ ပူးတွဲအသုံးပြုလာရသည့် သဘောဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-စစ်တပ်လော်ဘီ တယ်လီဂရမ်
