အင်အားကြီးနိုင်ငံများသည် ဝါဒဖြန့်ချီပြီး နိုင်ငံငယ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းနေဟု ရဲဝင်းဦးပြော

မေလ ၂၁ ရက်နေ့က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ACDFM) တွင် မြန်မာစစ်ကော်မရှင်ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အင်အားကြီးနိုင်ငံများသည် နည်းလမ်းစုံဖြင့် နိုင်ငံငယ်များအပေါ် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းနေကြသည်ဟု ပြောကြားခဲ့သည်။

အဆိုပါ အာဆီယံစစ်ဘက်ဆိုင်ရာ ထိပ်သီးအစည်းအဝေးအတွင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အင်အားကြီးနိုင်ငံအချို့သည် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံငယ်များအား ၎င်းတို့၏လွှမ်းမိုးမှုအောက်သို့ရောက်ရှိစေရန် ထောက်ပံ့ကူညီမှုများမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒဖြန့်ချိရေးနှင့် စစ်ရေးသံတမန်ရေး စသည့် အသွင်မျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်လျက်ရှိကြောင်း အာဆီယံစစ်ဦးစီးချုပ်များရှေ့မှောက်တွင် စွပ်စွဲပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အင်အားကြီးနိုင်ငံများသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရန်အတွက် မဟာမိတ်အုပ်စုများဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိ အပြိုင်အဆိုင် ကြိုးပမ်းလုပ်ဆောင်လာလျက်ရှိသည်ဟုလည်း ၎င်း၏ဆွေးနွေးချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံရေးလေ့လာသူများက ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ပြောကြားချက်မှာ စစ်ကော်မရှင်ကိုယ်တိုင် နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအပေါ် ကျူးလွန်ထားသည့် အာဏာသိမ်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြေပြင်စစ်ရေးအရ ရှုံးနိမ့်နေသည့် အကျပ်အတည်းများကို ဖုံးကွယ်ရန်အတွက် နိုင်ငံတကာစွက်ဖက်မှုကို အကြောင်းပြကာ ခေါင်းရှောင်ရန် ကြိုးပမ်းသည့် တစ်လွဲသံတမန်ရေးဗျူဟာသာ ဖြစ်သည်ဟု ထောက်ပြကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ရဲဝင်းဦးက အင်အားကြီးနိုင်ငံတွေက ဝါဒဖြန့်ပြီး လွှမ်းမိုးဖို့ လုပ်နေတယ်လို့ စွပ်စွဲနေပေမဲ့ လက်တွေ့မှာတော့ စစ်ကော်မရှင်ကိုယ်တိုင်ကသာ အာဆီယံစင်မြင့်ကို အသုံးချပြီး မြေပြင်အမှန်တရားတွေကို ဖုံးကွယ်ဖို့ အကြီးအကျယ် ဝါဒဖြန့်နေတာပါ။ ဒေသတွင်းနိုင်ငံတွေက မြန်မာ့အရေးကို စိုးရိမ်လို့ ဝေဖန်ထောက်ပြနေတာတွေကို နိုင်ငံတကာစွက်ဖက်မှုအဖြစ် ပုံဖျက်ပြီး အပြစ်လွှဲချဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် စစ်ကော်မရှင်သည် ၎င်းတို့ကျူးလွန်ထားသည့် ပြည်တွင်းစစ်မီးတောက်မှုများနှင့် အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ကမ္ဘာက အာရုံပြောင်းသွားစေရန်အတွက် အင်အားကြီးနိုင်ငံများကို ဗျူဟာမြောက် လက်ညှိုးထိုးပြခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိသည်။

တက်ကြွလှုပ်ရှားသူတစ်ဦးက “ဝါဒဖြန့်ချိရေးအသွင်မျိုးစုံနဲ့ နိုင်ငံငယ်တွေကို ချုပ်ကိုင်ဖို့ လုပ်နေတယ်လို့ ရဲဝင်းဦးက ပြောတာဟာ တကယ့်ကို ရယ်စရာကောင်းပါတယ်။ မြန်မာပြည်သူတွေကို နေ့စဉ်နဲ့အမျှ သတ်ဖြတ်ပြီး ဒုက္ခပေးနေတာဟာ အင်အားကြီးနိုင်ငံတွေမဟုတ်ဘဲ ဒီစစ်ကော်မရှင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ဒီလိုမျက်နှာပြောင်တိုက် လှည့်ပြောနေတဲ့ စကားတွေကို ဆက်ပြီး နေရာမပေးသင့်တော့ပါဘူး” ဟု ပြတ်ပြတ်သားသား ဆိုသည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပြီးစီး၍ အစိုးရသစ်ပေါ်ထွက်လာပြီဖြစ်ကြောင်း မြေပြင်နှင့်တခြားစီဖြစ်သော စကားများကိုလည်း တစ်လက်စတည်း ထည့်သွင်းပြောကြားခဲ့ရာ၊ ၎င်းတို့၏ ပြောဆိုချက်အားလုံးမှာ အာဆီယံနိုင်ငံများအကြား သံတမန်ရေးအရ အသိအမှတ်ပြုမှု ပြန်လည်ရရှိရန် ဟန်ပြလိမ်လည်နေခြင်းသာဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။

လက်ရှိမြန်မာ့မြေပြင်တွင် စစ်ကော်မရှင်သည် စစ်ရေးအရ နယ်မြေအမြောက်အမြားကို ဆုံးရှုံးထားရပြီး နိုင်ငံရေးနှင့် စီးပွားရေးအရ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရချိန်တွင် အာဆီယံ၏ စစ်ဘက်၊ ထောက်လှမ်းရေးဆိုင်ရာ အွန်လိုင်းအစည်းအဝေးများကို အသုံးချကာ ၎င်းတို့ကိုယ်သူတို့ တရားဝင်အစိုးရတစ်ရပ်ကဲ့သို့ ပုံဖော်နေခြင်းမှာ ပြည်သူလူထု၏ ဆန္ဒကို လျစ်လျူရှုရာရောက်နေကြောင်း ဝေဖန်မှုများ မြင့်တက်နေသည်။

အခြားတစ်ဖက်တွင်လည်း အာဆီယံအဖွဲ့ကြီးက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ချက် ကို စစ်ကော်မရှင်ဘက်က လုံးဝအကောင်အထည်ဖော်ခြင်းမရှိဘဲ ချိုးဖောက်နေသည့်တိုင်အောင် ယခုကဲ့သို့ အာဆီယံစစ်ဦးစီးချုပ်များ အစည်းအဝေးသို့ ဗီဒီယိုစနစ်ဖြင့် တက်ရောက်ကာ တစ်လွဲဝါဒဖြန့်ခွင့်ရနေခြင်းအပေါ် ထောက်ပြမှုများလည်းရှိသည်။

ယင်းအပြင် စစ်ကော်မရှင်သည် ကမ္ဘာ့အလယ်တွင် ၎င်းတို့ကျူးလွန်ထားသည့် အကြမ်းဖက်မှုများကို ဖုံးကွယ်ရန် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှု ဟူသော ဘောင်ကို တမင်ဖန်တီးပြီး ဇာတ်နာအောင် လုပ်ပြနေခြင်းသာ ဖြစ်ကြောင်း၊ လက်ရှိ မြန်မာပြည်သူများ ခံစားနေရသည့် စစ်ဘေးဒုက္ခများနှင့် စီးပွားရေးပျက်စီးမှုများ၏ တရားခံမှာ အခြားသူမဟုတ်ဘဲ စစ်ကော်မရှင်သာဖြစ်ကြောင်း ပြည်တွင်းပြည်ပက အထင်အရှား သိရှိပြီးဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

စာတည်း-ကိုဆန်း

ဓာတ်ပုံ-MOI