ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းယူပြီး တလခန့် အကြာတွင် ဒေသခံပြည်သူ ရာနှင့်ချီ ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။
မေလ ၁၉ရက်ကစတင်၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ စစ်ရှောင်နေသည့် ဖလမ်းမြို့ပြည်သူများ ပြန်လည်ဝင်ရောက်နေခြင်းဖြစ်ပြီး လူဦးရေ ၅၀၀ ခန့် ရှိပြီဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
” Falam Christian Ministers’ Fellowship ( FCMF ) က ဦးဆောင်ပြီး ပြန်ပို့ပေးနေတာပါ။ ပြည် သူတွေလည်းပါသလို အစိုးရဝန်ထမ်းမိသားစုတွေလည်းပါတယ်။
ငွေရေးကြေးရေးအရ အခက်အခဲရှိ တဲ့သူတွေကို ဦးစားပေးပြီး ပြန်ပို့ပေးနေတာ။ ဖလမ်းက စစ်ရှောင်နေကြတာလည်း ၂နှစ်လောက်ရှိပြီ ဆိုတော့ ပြန်ချင်တဲ့သူတွေရော မပြန်ချင်သူတွေရော အစုံပါပဲ။ ပြန်ချင်တဲ့သူတွေလည်း ပြန်ကြတာ ပေါ့ ” ဟု ဖလမ်းမြို့ခံ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။
မည့်သည့်ဒေသကမဆို ဖလမ်းမြို့သို့ ဆိုင်ကယ်ဖြင့်ပြန်လာသူများကို အရပ်ဘက်အဖွဲ့အစည်းများက ကျပ်နှစ်သောင်းခွဲ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
” ခုက ပြန်ရင် မိသားစုတွေနဲ့ ခရီးဆောင်အိတ် ၃အိတ်ပဲ ယူခွင့်ပြုတာ။ ပစ္စည်းတွေ ပြန်သယ်ပေးဖို့ လည်း ကားကြီးတွေက တစ်ပတ်တစ်ခါ ထွက်မယ်လို့ ပြောတယ်။ ဟားခါးကနေ ပြန်လာမယ့်သူတွေ လည်း ရှိတယ်။ သူတို့အတွက်က သပ်သပ် ထပ်စီစဉ်မယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများသည် အဓိကအားဖြင့် သောက်သုံးရေ အခက်အခဲကြုံနေရကြောင်း သိရသည်။
ပြန်လည်နေထိုင်သူများကို တစ်ဦးလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် အခြေခံစားသောက်ကုန်များကို ပမာဏတစ်ခုသတ်မှတ်ကာ ဖလမ်းမြို့သို့ ရောက်ရှိလာသည့် ဈေးနှုန်း၏ တဝက်ခန့်ဖြင့် ရောင်းချပေးမည်ဟု စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသော်လည်း ယနေ့(မေ၂၁ရက်)အထိ ဈေးဆိုင်များ ဖွင့်လှစ်ထားခြင်းမရှိသေးပေ။
ဖလမ်းမြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် ၂၀၂၄ ခု၊ နိုဝင်ဘာမှစ၍ ယင်းမြို့မှ ပြည်သူ ၆၀၀၀ ခန့် စစ်ဘေးရှောင်ခဲ့ကြသည်။
ဖလမ်းမြို့ကို ၂၀၂၅ခု၊ ဧပြီလအတွင်း ချင်းညီနောင်က သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၆ခု၊ ဧပြီ ၂၅ရက်တွင် စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။
