မောင်တောတွင် အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်တောက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်တွင် မေလ ၁၈ ရက်နေ့ ညနေပိုင်းက စိုက်ပျိုးရေးဝန်ထမ်းတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေတစ်ဖက် ပြတ်‌တောက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

မြေမြှုပ်မိုင်းနင်းမိခဲ့သူမှာ လေးမိုင်ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးခင်မောင်နိုင်ဖြစ်ပြီး စိုက်ပျိုးရေးမျိုးစေ့များ သိုလှောင်ထားသည့် ဂိုဒေါင်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်နေစဉ် မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စိုက်ပျိုးရေးဌာနက ဝန်ထမ်းတစ်ဦးပါ။ ဂိုဒေါင်အနီးဝန်းကျင်ကို သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ မိုင်းနင်းမိသွားတာ။ ညာဘက်ခြေထောက်ပြတ်သွားတယ်” ဟု လေးမိုင်ဒေသခံတစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးခင်မောင်နိုင်မှာ ညာဘက်ခြေထောက်၏ ခြေချောင်းများ ပြတ်ထွက်သွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားသည်ဟု ဆိုသည်။

ဒဏ်ရာပြင်းထန်မှုကြောင့် ဦးခင်မောင်နိုင်မှာ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“အဲဒီဂိုဒေါင်က လေးမိုင်‌နယ်ခြားစောင့်ရဲတပ်ရင်းနဲ့လည်းနီးတယ်။ တိုက်ပွဲကာလတုန်းက စခန်းပတ်ပတ်လည်နဲ့ အနီးဝန်းကျင်မှာ စစ်သား(စစ်ကော်မရှင်)တွေက ထောင်ထားခဲ့တာဖြစ်နိုင်တယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ မြေပုံမြို့နယ် မင်းချောင်းကျေးရွာက အသက်(၄၀)အရွယ် ဒေသခံအမျိုးသား ၁ ဦးမှာလည်း မေလ ၁၈ ရက် နေ့လယ်ပိုင်းက မြေမြှုပ်မိုင်းနင်းပြီး ညာဘက်ခြေတစ်ဖက် ပြတ်‌တောက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

စစ်ကော်မရှင်တပ်၏ တပ်ရင်းတပ်စခန်းအနီးတစ်ဝိုက်နှင့် ၎င်းတို့အခြေပြုလှုပ်ရှားနေရာများ တောင်တန်းများတွင် မြေမြှုပ်မိုင်း အများအပြားကို ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့ကြောင့် အရပ်သားပြည်သူများမှာ စစ်ကော်မရှင်တပ်၏ အထိုင်ချ တပ်စခန်းနေရာများ၊ အချိန်ကာလအတိုင်းအတာတစ်ခုထိ တပ်စွဲနေထိုင်ခဲ့သည့်နေရာများရှိ လယ်ယာများနှင့် တောတောင်များတွင် လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေကြရသည်။

“မြေမြှုပ်မိုင်းအန္တရာယ်က ပြည်သူတွေအတွက် အရမ်းစိုးရိမ်ရပါတယ်။ ရှင်းလင်းရေးလုပ်တာရှိပေမဲ့ လုံးဝကင်းစင်နိုင်ဖို့က မလွယ်ဘူး။ အဲဒါကြောင့် တောတောင်ကိုမှီပြီးလုပ်စားကြရတဲ့ ဒေသခံတွေအတွက် ‌ဒီမြေမြှုပ်မိုင်းက အသက်အန္တရာယ်အတွက် စိန်ခေါ်မှုတစ်ခုပါ” ဟု ဒေသတွင်း ကျပန်းအလုပ်ဖြင့်အသက်မွေးသူတစ်ဦးက ပြောသည်။

ထိန်းချုပ်မြို့များတွင် အာရက္ခတပ်တော် AA က စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းများကို ရှင်းလင်းနေသော်လည်း ယခုအချိန်အထိ ရခိုင်ပြည်အတွင်း မြေမြှုပ်မိုင်းအန္တရာယ်က ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။

စာတည်း-ကိုဆန်း