ခင်ဦးပြည်သူများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က အသေခံဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၂၁ ရက်၊ ည ၉ နာရီခန့်တွင် ခင်ဦးမြို့နယ် ၊ ရွာစဉ်ကျေးရွာကို တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာ တစ်စင်းနှင့် ရွှေဘိုမြို့နယ် အမှတ် ၈ လေ့ကျင့်ရေးတပ်မှလွှတ်တင်သော အသေခံဒရုန်း ၂ စင်းတို့ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၆၂ နှစ်နှင့် အသက် ၂၇ နှစ်အရွယ် အမျိုး သမီး ၂ ဦးနှင့် အသက် ၄၅ နှစ်နှင့် အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ကြောင်း ခင်ဦး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(မေလ ၂၂ ရက်) သတင်းထုတ်ပြန်သည်။

“ပေါင် ၅၀၀ ၂လုံး ချသွားတာပါဗျ။ ရွာလယ် လမ်းမတော်ဘေး ကပ်လျက်ကို ကျတာပါ။ ဒဏ်ရာအ ပြင်းထန်ရ ခန့်မှန်း ၇ဦးပါ။ ပြည်သူတွေလည်း ညတွင်းချင်း တိမ်းရှောင်ကြရတာဗျ”ဟု ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၀ ကျော် မီးလောင် ၊ ပျက်စီး ၊ ပြိုကျခြင်းများ ရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် မေလ ၂၀ ရက်၊ မွန်းလွဲ တစ်နာရီခန့်တွင်လည်း ရွာစဉ်ကျေးရွာကို ရွှေဘိုမြို့နယ် အမှတ် ၈ လေ့ကျင့်ရေးတပ်မှ လွှတ်တင်သော အသေခံဒရုန်း ၂ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၊ အဆောက်အ အုံနှင့် ဆိုင်ခန်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း စစ်တပ်က စစ်ရေးပစ်မှတ်နှင့် အရပ်သားပစ်မှတ် ခွဲခြားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်နေသည့်အတွက် ‌‌ဒေသခံပြည်သူများ ၊ စစ်ရှောင်ပြည်သူများနှင့် တော်လှန်ရေးအင်အားစု များအနေဖြင့် လုံခြုံရေး သတိထားရှိပြီး ဗုံးခိုကျင်းများတူးဖော်ခြင်း ၊ လေကြောင်းသတင်းပေး စကား ပြောစက်များမှ သတင်းရယူခြင်း ၊ လေယာဉ်များ တက်လာပါက ဗုံးခိုကျင်းများအတွင်း ကြိုတင်တိမ်း ရှောင်ခြင်း စသည့်လုံခြုံရေး အစီအမံများ ပြုလုပ်နေထိုင်ကြရန် ခင်ဦးမြို့နယ် ပအဖက သတိပေး နှိုးဆော်ထားသည်။

စာတည်း-ML