သန့်စင်ပြီး ယူရေနီယံများကို နိုင်ငံတွင်း၌သာ ထားမည်ဟု အီရန်၏ အဆင့်မြင့်ဆုံး ခေါင်းဆောင် ပြောကြား

Reuters

အီရန်နိုင်ငံ၏ လက်နက်အဆင့်မီလုနီးပါးဖြစ်သော ယူရေနီယံများကို ပြည်ပသို့ မပို့ဆောင်ရန် နိုင်ငံ၏ အဆင့်မြင့်ဆုံးခေါင်းဆောင်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း အီရန်အကြီးတန်းအရာရှိ နှစ်ဦးက ပြောကြားသည်။

ယခု ပြောဆိုချက်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အမေရိကန်၏ အဓိကတောင်းဆိုချက်တစ်ခုအပေါ် အီရန်က လက်မခံသည့်သဘောဖြစ်သည်။

အဆင့်မြင့်ခေါင်းဆောင် အာယတိုလာ မိုဂျတာဘာ ခါမေနီ၏ အဆိုပါအမိန့်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ပိုမိုစိတ်ပျက်စေနိုင်ပြီး စစ်ပွဲ အဆုံးသတ်ရန် ဆွေးနွေးမှုများကိုလည်း ပိုမိုရှုပ်ထွေးသွားစေနိုင်သည်။

သမ္မတထရန့်က အီရန်အနေဖြင့် အနုမြူလက်နက် ထုတ်လုပ်ရန် လိုအပ်သည့် အဆင့်မြင့်သန့်စင်ထားသော ယူရေနီယံလက်ကျန်များကို အီရန်နိုင်ငံပြင်ပသို့ ပို့ဆောင်ရမည်ဖြစ်ပြီး မည်သည့်ငြိမ်းချမ်းရေးသဘောတူညီချက်တွင်မဆို ယင်းအချက်ကို ထည့်သွင်းရမည် ပြောကြားထားသည်။

အစ္စရေး၊ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟု ကာလရှည်ကြာ စွပ်စွဲခဲ့ကြသည်။

ယင်းသို့စွပ်စွဲရာတွင် အီရန်က ယူရေနီယံကို အရပ်ဘက်သုံးအတွက် လိုအပ်သည်ထက် များစွာပိုမိုမြင့်မားပြီး လက်နက်ထုတ်လုပ်ရန် လိုအပ်သည့် ၉၀ ရာခိုင်နှုန်းနှင့် နီးစပ်သော ၆၀ ရာခိုင်နှုန်းအထိ သန့်စင်မြှင့်တင်ခဲ့ခြင်းကို ထောက်ပြခဲ့ကြသည်။

အီရန်ဘက်ကမူ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ သန့်စင်ပြီးယူရေနီယံများကို အီရန်နိုင်ငံအတွင်းမှ ဖယ်ရှားခြင်း၊ တီဟီရန်အနေဖြင့် ၎င်း၏ လက်ဝေခံလက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့နေမှုများ ရပ်တန့်ခြင်းနှင့် ၎င်းတို့၏ ဘာလစ္စတစ်ဒုံးကျည်စွမ်းဆောင်ရည်များကို အမြစ်ပြတ်ချေမှုန်းခြင်း မပြုလုပ်နိုင်သရွေ့ ယခုစစ်ပွဲကို ပြီးဆုံးပြီဟု သတ်မှတ်မည်မဟုတ်ကြောင်း ပြောကြားထားသည်။

“အဆင့်မြင့်ဆုံးခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းအတွင်း သဘောတူညီချက်ကတော့ သန့်စင်ပြီး ယူရေနီယံလက်ကျန်တွေကို နိုင်ငံထဲကနေ ပေးမထွက်ဖို့ပါပဲ” ဟု အမည်မဖော်လိုသည့် အီရန်သတင်းရင်းမြစ်နှစ်ခုအနက်မှ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါပစ္စည်းများကို ပြည်ပသို့ ပို့ဆောင်လိုက်ပါက အနာဂတ်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများဒဏ်ကို မိမိတို့နိုင်ငံအနေဖြင့် ပိုမိုခံရလွယ်ပြင်လွယ် ဖြစ်သွားစေလိမ့်မည်ဟု အီရန်ထိပ်တန်းအရာရှိများက ယုံကြည်နေကြကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ခါမေနီသည် အရေးကြီးဆုံးသော နိုင်ငံတော်ကိစ္စရပ်များတွင် နောက်ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဖြစ်သည်။