ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ တောက်လျှောက် ပစ်ကူပေးနေကြောင်း သိရသည်။
မေလ ၂၁ရက် နံနက်ပိုင်းကစ၍ ယနေ့ ( မေလ ၂၂ရက် ) အထိ ကန်ပက်လက်မြို့အနီး ၆မိုင်နှင့် ၂မိုင်တို့တွင် အင်အား ၃၅၀ ခန့်ပါ စစ်ကြောင်းနှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ် ပွားနေခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ၁၇ရက်နေ့က ဆောကနေ ကန်ပက်လက်ကို တက်လာတဲ့စစ်ကြောင်းပါ။ သူတို့ ၆မိုင်ကိုရောက်တာ ရက်ပိုင်းလောက်ရှိပြီ။ မနေ့ ( မေလ ၂၁ရက် ) ကစပြီး တိုက်ပွဲဖြစ်တယ်။ မြို့အနီး ၂မိုင်ဝန်းကျင် လောက်အထိ ရောက်လာတယ်။ ပြင်းထန်တယ်ပဲပြောရမှာပေါ့။ စစ်တပ်က လေကြောင်းပစ်ကူကို ဖောဖောသီသီသုံးနေတယ်။ သူတို့က မြေပြင်တိုက်ပွဲစကတည်းက လေကြောင်းနဲ့ အတူလာပစ်နေ တယ်။ ကျနော်တို့လည်း အစွမ်းကုန် ကာကွယ်တိုက်ခိုက်နေတယ်။ ဒီနေ့မှာ သူတို့စစ်ကြောင်းက ပြန် ဆုတ်မယ့်အရိပ်အယောင်ပြနေပေမဲ့ တပ်လန်သွားတဲ့ အနေအထားမဟုတ်ဘူး။ ပြန်တိုးဖို့ အားယူ တယ်လို့ ယူဆပါတယ် ” ဟု ၎င်းက MPA ကို ပြောသည်။
စစ်တပ်က ကန်ပက်လက်မြို့ကို ၂ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၉ကြိမ်ထက်မနည်း ပြုလုပ် ထားပြီး ထိခိုက်မှုအခြေအနေများကို မသိရသေးပေ။
” ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်ကစပြီး ၆ မိုင်နဲ့ ကန်ပက်လက်မြို့ကြားက ပြည်သူ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်။ မနိုင် နိုင်ရာလုပ်တာ သူတို့ထုံးစံပဲ။ ညနေပိုင်းမှာ စစ်ကြောင်းက ၆ မိုင်အထက်က ထင်းရှူးတောထဲ ရောက်နေတယ်လို့ သိရတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ကန်ပက်လက်မြို့အနီးတွင် တိုက်ပွဲပြင်းထန်နေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များအတွက် အလှူငွေ ထည့်ဝင်ပေးခြင်းနှင့် ဆုတောင်းပေးခြင်းတို့ဖြင့် ပြည်သူများ အင်တိုက်အားတိုက် ပါဝင်ကူညီကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုထားသည်။
ကန်ပက်လက်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်များက ၂၀၂၄ ခုဒီဇင်ဘာတွင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး ယနေ့အထိ ထိန်းချုပ်ထားဆဲဖြစ်သည်။
စာတည်း-ML
