အစိုးရအပြောင်းအလဲလုပ်ရန် ကျူးဘားကို စစ်ရေးအရ အရေးယူမည်ဟု သမ္မတ ထရမ့်ခြိမ်းခြောက်ပြန်

Al Jazeera

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ် နှင့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို တို့သည် ကျူးဘားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်မှုအသစ်များ ပြုလုပ်လိုက်ကြသည်။

ကျူးဘားနိုင်ငံသည် အမေရိကန်၏ ရန်ဘက်နိုင်ငံများဖြစ်ကြသော ရုရှား၊ တရုတ်တို့နှင့် ဆက်ဆံရေးရှိနေခြင်းကြောင့် နှစ်ပေါင်းများစွာကြာအောင် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ကြောင်း ဝန်ကြီး ရူဘီယိုက ကြာသပတေးနေ့နှောင်းပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး၊ သမ္မတ ထရမ့်ကလည်း ၎င်းသည် ကျူးဘားအပေါ် နောက်ဆုံးတွင် အရေးယူဆောင်ရွက်မည့် သမ္မတဖြစ်လာရန် အလားအလာရှိကြောင်း ပြောဆိုခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် ကျူးဘားကျွန်းပေါ်တွင် အစိုးရအပြောင်းအလဲ ဖြစ်ပေါ်လာစေရန် သိသိသာသာ ရည်ရွယ်ပြီး ကွန်မြူနစ်အစိုးရအပေါ် ဖိအားပေးမှုများကို မြှင့်တင်နေခဲ့ကာ၊ ၎င်းဖိအားပေးမှုများတွင် ကျူးဘားစီးပွားရေးကို ပြိုလဲလုနီးပါး ဖြစ်စေခဲ့သည့် စက်သုံးဆီပိတ်ဆို့မှုလည်း ပါဝင်သည်။

အမေရိကန်က ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရို (Raul Castro) ကို တရားစွဲဆိုလိုက်ပြီးနောက် ကာရစ်ဘီယံပင်လယ်ပြင်တွင် စစ်အင်အားစုဆောင်းမှုများ ပြုလုပ်လာခဲ့ခြင်းကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုသို့ တွန်းအားပေးမှုများ ပိုမိုမြန်ဆန်လာခဲ့သည်။

အမေရိကန်အနေဖြင့် ကျူးဘားတွင် နိုင်ငံအသစ် ပြန်လည်တည်ဆောက်ပေးရန် စိတ်ကူးမရှိကြောင်း ငြင်းဆိုရင်း၊ ဤကိစ္စသည် အမျိုးသားလုံခြုံရေး ကိစ္စရပ်တစ်ခုသာဖြစ်ကြောင်း ရူဘီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့အပြင် ညှိနှိုင်းဆွေးနွေးမှုဖြင့် သဘောတူညီချက်ရရှိရန်မှာ အမေရိကန်၏ ဦးစားပေး ဖြစ်သော်လည်း၊ ကျူးဘားနှင့် သံတမန်ရေးအရ ဆွေးနွေးနိုင်မည့်လမ်းစမှာမူ သိပ်မရှိတော့ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

“သူတို့ရဲ့ စီးပွားရေးစနစ်က အလုပ်မဖြစ်တော့ဘူး။ ပျက်စီးနေပြီ။ လက်ရှိရှိနေတဲ့ နိုင်ငံရေးစနစ်နဲ့တော့ အဲဒါကို ပြန်ပြင်လို့ မရနိုင်ဘူး” ဟု ရူဘီယိုက ဆိုသည်။

လွန်ခဲ့သည့် နှစ်များတစ်လျှောက် ကျူးဘားသည် အချိန်ဆွဲပြီး အမေရိကန်အစိုးရ သက်တမ်းကုန်ဆုံးမည့်အချိန်ကို စောင့်ဆိုင်းခြင်းဖြင့် အသားကျနေခဲ့ကြောင်း ရူဘီယိုက ပြောသည်။

” အခုတစ်ကြိမ်မှာတော့ သူတို့ အချိန်ဆွဲ စောင့်ဆိုင်းနေလို့ ရတော့မှာမဟုတ်ဘူး။ ကျွန်တော်တို့က အလွန် လေးလေးနက်နက်နဲ့ အာရုံစိုက် လုပ်ဆောင်နေတာ ဖြစ်တယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်များကို သီးခြားပြောကြားရာတွင် အမေရိကန်သမ္မတများသည် ကျူးဘားအရေးတွင် ဝင်ရောက်စွက်ဖက်ရန် ဆယ်စုနှစ်ပေါင်းများစွာကတည်းက စဉ်းစားခဲ့ကြသော်လည်း၊ ယခုအခါ ၎င်းသည် ထိုသို့ အရေးယူဆောင်ရွက်မည့်သူ ဖြစ်လာမည့်ပုံပေါ်နေကြောင်းနှင့် ထိုသို့လုပ်ဆောင်ရန်အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုပြောဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် (Bruno Rodriguez) က ကျူးဘားကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့သည့်အတွက် ရူဘီယိုကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်သည်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ကျူးဘားနဲ့ အမေရိကန်ပြည်သူတွေရဲ့ သွေးမြေကျမှုကို ဖြစ်ပွားစေမယ့် စစ်ရေးအရ ကျူးကျော်မှုတစ်ခု ဖြစ်လာအောင် လှုံ့ဆော်ဖို့အတွက် နောက်တစ်ကြိမ် လိမ်ညာပြန်ပါပြီ” ဟု ဝန်ကြီး ရိုဒရီဂွက်ဇ်က တုံ့ပြန်ပြောကြားခဲ့သည်။