အာဏာသိမ်းစစ်တပ်အကြိုက် ဆက်လက်ပြီး ရေးသားထုတ်ဝေနေခဲ့သော နေ့စဉ်ထုတ် Daily Eleven သတင်းစာထုတ်ဝေမှုကို ယခု မေလ ၃၁ ရက်ကစတင်ရပ်နားတော့မည်ဖြစ်ကြောင်း သိရသည်။
The Daily Eleven သတင်းစာကို ဦးသိန်းစိန်အစိုးရလက်ထက် သတင်းစာများ ပြန်လည်ထုတ်ဝေခွင့်ပေးခဲ့ချိန် ၂၀၁၃ ခုနှစ်အတွင်း အဦးဆုံး ပြန်လည်ထုတ်ဝေသည့် သတင်းစာ ၅ စောင်၌ပါဝင်ခဲ့သည်။
ယခုလို Eleven သတင်းစာရပ်နားရခြင်းနှင့်ပတ်သက်ပြီး ပြည်တွင်းရှိ သတင်းသမားတစ်ဦးကတော့ ပြည်တွင်းသော်လည်းကောင်း၊ ပြည်ပသော်လည်းကောင်း သတင်းစာလက္ခဏာပျောက်ဆုံးလာခြင်းမှာ ကောင်းမွန်သည့်လက္ခဏာမဟုတ်ကြောင်း မှတ်ချက်ပေးသည်။
“ဒီကာလမှာ ပြည်တွင်းဖြစ်ဖြစ် ပြည်ပ ဖြစ်ဖြစ် သတင်းစာတစ်စောင်ရပ်နားသွားတာ အတော်ဝမ်းနည်းဖို့ကောင်းပါတယ်။ တဖြည်းဖြည်းနဲ့ သတင်းစာယဉ်ကျေးမှုပျောက်လာတာ ကောင်းတဲ့ လက္ခတော့မဟုတ်ပါဘူး။ ပြည်သူတွေက အွန်လိုင်းမှာ အချိန်ကုန်နေကြတော့ သတင်းစားသုံးမှုနည်းလာတာ သဘာဝါ။ ဒါပေမယ့် တစ်ပူးလို စစ်တပ်အာဘော်ဖြစ်လာတဲ့ မီဒီယာ သတင်းစာနားတာတော့ မှတ်ချက်မပြုလိုပါဘူး။ သူတို့ထိုက်နဲ့ သူတို့ကံပေါ့လေ” ဟု ၎င်းက ပြောသည်။
ပြည်ပရောက်သတင်းဌာနတစ်ခုမှ အယ်ဒီတာတစ်ဦးဖြစ်သူကတော့ မည်သည့်ဘက်ကိုရပ်သည့် သတင်းစာပဲဖြစ်စေ ရပ်နားလိုက်ရသည်မှာ နိုင်ငံနှင့် ပြည်သူလူထုအတွက် ကောင်းမွန်သည့်အခြေအနေမဟုတ်ကြောင်း ပြောသည်။
“ကျနော်တို့က ဟိုဘက်က မို့လို့၊ ဒီဘက်က မို့လို့ ပြောပြီး ထောမနာပြုနေရင်တော့ မကောင်းဘူးပေါ့။ သတင်းစာကိုင်ဖတ်ရတဲ့ Feel ကို အကြိုက်ဆုံးပဲ။ အဲဒီလို သတင်းစာတွေ မရှိတော့တာက နိုင်ငံအတွက်ရော၊ လူထုအတွက်ပါ ဆိုးကျိုးဖြစ်စေတယ်။ ဘောမမီဒီယာပဲဖြစ်ဖြစ်၊ တော်လှန်ရေးမီဒီယာပဲဖြစ်ဖြစ်ပေါ့နော်။ မူအားဖြင့် Eleven ကို မကြိုက်ပေမဲ့ ပြည်သူလူထုအတွက် ယူစရာ၊ ရစရာလေးတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။
Eleven သတင်းစာဘက်ကတော့ လက်ရှိ ခေတ်အခြေအနေအရ ပုံနှိပ်မီဒီယာ(Print Media)များအနေဖြင့် စက္ကူရရှိရန် မလွယ်ကူခြင်း၊ သတင်းစာများအပေါ် စိတ်ဝင်စားမှုနည်းလာခြင်း၊ ဖတ်ရှုသူအလွန်နည်းပါးလာခြင်း အစရှိသည့်အခက်အခဲများကြောင့် ယာယီရပ်နားလိုက်ခြင်းဖြစ်သည်ဟု ရှင်းချက်ထုတ်ထားသည်။
Eleven Media အယ်ဒီတာချုပ် ကိုကျော်ဇောလင်းကလည်း သတင်းစာကို ယာယီရပ်နားပြီး Digital ပိုင်းကို အားထားလုပ်ဆောင်သွားရန် ဝန်ထမ်းသစ်များလည်း ခေါ်ယူထားကြောင်း ပြည်တွင်းရှိ အွန်လိုင်းမီဒီယာအချို့ကို ဖြေကြားထားသည်။
Eleven သတင်းစာသည် ၂၀၂၁ စစ်အာဏာသိမ်းမှုကို စစ်တပ်ကြိုက် အာဏာထိမ်းသည်ဟု သုံးနှုန်းရေးသားခဲ့သကဲ့သို့ စစ်အုပ်စုကြိုက်လိုက်ပါရေးသားမှုများကြောင့် အာဏာသိမ်းမှုဆန့်ကျင်သည့်လူထုက ယင်းသတင်းစာကို သပိတ်မှောက်ခဲ့သည့်အတွက် သတင်စားရောင်းဝယ်မှုလည်း ကျဆင်းခဲ့ရသည်ဟု ရန်ကုန်မြို့မှာနေထိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။
“အရင်က ဖတ်တယ်။ သူက ကဏ္ဍစုံတယ်လေ။ အာဏာသိမ်းပြီးနောက်တော့ ကြုံမှပဲ ဖတ်ဖြစ်တော့တယ်။ ဝယ်တော့ မဖတ်ဖြစ်တော့ဘူး” ဟု တောင်ကြီးမြို့နေ အသက် ၆၀ ကျော်အရွယ်ရှိ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
The Daily Eleven သတင်းစာကို ၂၀၁၃ ခုနှစ် မေလ ၃ ရက်က စတင်ထုတ်ဝေဖြန့်ချိခဲ့ပြီး ၁၃ နှစ်ကျော်သက်တမ်းရောက်လာချိန် ရပ်နားခြင်းဖြစ်သည်။
ယခုလို The Daily Eleven သတင်းစာရပ်နားလိုက်ခြင်းကြောင့် ၂၀၁၃ ခုနှစ်အတွင်း စတင်ထုတ်ဝေခဲ့သည့် ကနဦးသတင်းစားများအတွင်း ပြည်တွင်း၌ စံတော်ချိန်သတင်းစာတစ်ခုသာ ကျန်ရှိတော့မည်ဖြစ်သည်။
လက်ရှိ စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းအေဂျင်စီ ၉၇ ခုကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားသကဲ့သို့ ဂျာနယ် ၃၇၃ ခု နှင့် မဂ္ဂဇင်း ၃၂၀ ခုတို့ကိုလည်း လုပ်ငန်းလိုင်စင်ရုပ်သိမ်းထားကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် သတင်းစာထုတ်ဝေခြင်းလုပ်ငန်း ၂၂ ခု၊ အထွေထွေထုတ်ဝေခြင်းလုပ်ငန်း ၆၆၁ ခု၊ ပုံနှိပ်ခြင်းလုပ်ငန်း ၆၁၀ ခုတို့ကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းထားကြောင်း သိရသည်။
စာတည်း-ကိုဆန်း
