ကျောက်ပန်းတောင်းမြို့ပေါ်တွင် သက်ကြီးအမျိုးသားများကိုလည်း ပေါ်တာဆွဲ

ဓာတ်ပုံ-Greeting from Myanmar
ကျောက်ပန်းတောင်းမြို့မြင်ကွင်း။

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့ပေါ်တွင် သက်ကြီးအမျိုးသားများကိုလည်း ပေါ်တာဆွဲကာ ငွေညှစ်နေကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ပေါ်တွင် ကျေးရွာများမှ အလုပ်လာလုပ်သူများနှင့် မြို့ပေါ်၌ ဆိုင်ကယ် သို့ မဟုတ် လမ်းလျှောက်သွားလာနေသော လူငယ်များကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေသည်မှာ ၂နှစ်ခန့် ကြာပြီဖြစ်ပြီး ယခုအခါ သက်ကြီးအမျိုးသားများပါ ပေါ်တာဆွဲနေကြောင်း ကျောက်ပန်း တောင်းမြို့သတင်းရင်းမြစ်ထံက သိရသည်။

“လွန်ခဲ့တဲ့ ၃ရက်လောက်ကပဲ မြို့ရှောင်လမ်းမှာ လမ်းလျှောက်နေတဲ့ အသက်၆၀လောက်ရှိတဲ့ ၂ ယောက်ကို ပေါ်တာဆွဲပြီးတော့မှ ပြန်တော့လွှတ်ပေးတယ်”ဟု ၎င်းက MPAသို့ပြောသည်။

စစ်အုပ်စုသည် မြို့ပေါ်အနှံ့တွင် ကားဖြင့်လှည့်လည်ကာ ပေါ်တာဆွဲနေခြင်းဖြစ်ပြီး ကားဖြင့် သွားလာ နေသူများကိုမူ ဖမ်းဆီးမှုနည်းကြောင်း သိရသည်။

“သက်ကြီးပိုင်းကျတော့ သူတို့(စစ်အုပ်စု)ကား ဆီဖိုးဆိုပြီး ၅သိန်း၊၆သိန်းတောင်းတယ်။ည၇နာရီ လောက်ဆို လက်ဖက်ရည်ဆိုင်တွေပိတ်ပြီ။ ဘီယာဆိုင် ခပ်ကြီးကြီးတွေလောက်ပဲ ကျန်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ယခင်က ပေါ်တာဆွဲခံရသည့် လူငယ်များကို ကျပ်သိန်း၁၆၀ကျော် ပေးပြီး ပြန်ရွေးနိုင်သော်လည်း ယခုမူ ငွေဖြင့်ရွေး၍ မရတော့ဘဲ စစ်မှုထမ်းထဲသို့သာ ပို့ဆောင်နေကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် မြို့အဝင်အထွက် ဂိတ်၄ဂိတ်ရှိပြီး ယင်းဂိတ်များ၌ ပေါ်တာမဆွဲကြောင်း သိရသည်။

စာတည်း-ML