အကြိမ်၄၀ထက်မနည်း လေကြောင်းပစ်ကူပေးနေသည့်ကြားမှပင် သရက်ကန်ပျူစောထီစခန်းကို သိမ်းပိုက်ကာ တမာမြေစစ်ဆင်ရေးအား အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းက ယနေ့(မေ၂၅ရက်)သတင်းထုတ်ပြန်သည်။
၂၀၂၆ခုနှစ်၊ မေလ ၂၂ ရက်၊ နံနက် ၅ နာရီခန့်တွင် မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးစခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၂၃ရက်၊ နံနက် ၅နာရီ ၄၅မိနစ်ခန့်၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ ကာဘိုင် ၁၁လက်၊ ၁၂ဗို့ ၆လက် ၊ လက်လုပ်တစ်လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် ၅နှစ်စာ ပျူစောထီးများ၏ ရွာတွင်းဖိနှိပ်မှုဒဏ်ကို ခံခဲ့ရသော အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၄၉ဦးအား ကယ်တင်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
“သာလွန်အင်အားနဲ့ စစ်ကြောင်းတွေ တောက်လျှောက်ထိုးနေတဲ့အချိန်မှာ ကျနော်တို့ သရက်ကန်စ စခန်းသိမ်းတိုက်ပွဲနဲ့ စိုင်ပြင်ကို သိမ်းလိုက်နိုင်တာက တော်လှန်ရေးအတွက် ခွန်အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။အဲဒီလို ခွန်အားဖြစ်စေဖို့ ကိုယ့်ဘက်က ပေးဆပ်လိုက်ရတာတွေလည်း ရှိတာပေါ့။ နောက်ဆက်တွဲအနေနဲ့ စစ်ကြောင်းတွေ ထိုးဆင်းလာပြီး မုန်ယိုနေတဲ့ဆင်တစ်ကောင်လို မြင်သမျှ ရမ်းကားနိုင်လို့ ပြည်သူတွေ ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်”ဟု ပခုက္ကူခရိုင်PDF ရဲဘော်တစ်ဦးက MPAသို့ပြောသည်။
တမာမြေစစ်ဆင်ရေးအတွင်း ထိခိုက်ကျဆုံးခဲ့သော ရဲဘော်များနှင့်ပြည်သူများကို ဦးညွှတ်အလေး ပြုပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးကြောင်းလည်း ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းက ထုတ် ပြန်ထားသည်။
တမာမြေစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/၁၄/၁၇ ) တပ်ရင်းများ ၊မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း ၁ ( MFUDC -1) ၊ KG တပ်ဖွဲ့၊ မြိုင်ပကဖ ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု၊PLC တပ်ပေါင်းစု ၊ အညာမြေ တပ်ပေါင်းစု ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ပြည်သူ့ လုံခြုံရေးအင်အားစု( ကမ္မ) ၊ မြိုင်ပကဖအဖွဲ့ဝင်(ဂဠုန် ၊ JOKER ၊ GOOD BROTHER ၊ TYK ၊ JRF ၊ စကြာ် ၊ ဝံပုလွေ ) တပ်ဖွဲ့များ ၊ တပ်ရင်းဆေးတပ်ဖွဲ့ ၊ မြို့နယ်ဆေးတပ်ဖွဲ့ ၊ မြိုင်မြိုနယ်တောင်ပိုင်းဇုန် ( ပအဖ ၊ ပကဖ) နှင့် တော် လှန်ပြည်သူများက ပူးပေါင်းဆင်နွှဲခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးကြီး၏ ပူးပါင်းကူညီမှုကို လည်း ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဒေသတွင်း စစ်ရေးပြင်းထန်လာနိုင်၍ သရက်ကန်ကျေးရွာကို အိမ်ပေါက်စေ့ ၊ လမ်းတိုင်းပြည့် တိုက်မိုင်း၊နင်းမိုင်းများ ထောင်ထားသောကြောင့် ပြည်သူများအနေဖြင့် ဝင်ထွက်သွား လာခြင်း မပြုလုပ်ကြသေးရန် ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းက သတိပေးထားသည်။
စာတည်း-ML
