မုန်း စစ်တပ်စခန်းချ နေရာ၂ခုကို KNLA ချေမှုန်း၊ စစ်သား၆ဦးထက်မနည်းသေ၊ သေနတ်၁၁ လက် ရရှိ

ဓာတ်ပုံ-ကေအဲန်ယူဗဟို
ပုံစာ-သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။

ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်အတွင်း စစ်တပ်စခန်းချနေရာ၂ခုကို တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၆ဦးထက်မနည်းသေဆုံးပြီး သေနတ်၁၁လက်သိမ်းဆည်းရမိခဲ့ ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(မေ၂၅ရက်)သတင်းထုတ်ပြန်သည်။

မေလ၂၃ရက်တွင် ကျောက်ကြီးမြို့နယ်၊မုန်း(မူး)မြို့၊ ဘီဗြဲစခန်းဘေးရှိ ထီးလေးထာ နေရာ၌ တပ်စွဲ ထားသည့် ခမရ၅၈၂နှင့် ခမရ၅၈၄ ပူးပေါင်းတပ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက် ချေမှုန်းခဲ့ပြီး မေ လ၂၂ရက်ကလည်း စကခ၂၀ လက်အောက်ခံ ခမရ၅၈၂က ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်း နှင့် တောင်စုကျေးရွာကြားကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အလစ်အငိုက်မှာ စခတွေ ကျည်တစ်ချက်မဖောက်နိုင်အောင် အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်တယ်။စစ် သားတွေက သေတဲ့သူသေ၊ပြေးတဲ့သူ ပြေးပဲ။ ပြေးတာကို လိုက်တိုက်တာမျိုး မရှိဘူး။တိုက်ပွဲရဲ့ ရည် မှန်းချက်က အဲဒီနေရာတွေကို ချေမှုန်းဖို့ပဲ။ ပြီးတော့ သိမ်းစရာရှိတာ သိမ်းတယ်။ ပြန်ဆုတ်တယ်”ဟု ဒေသတွင်းPDFသတင်းရင်းမြစ်က MPAသို့ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်သားအချို့လည်း ဒဏ်ရာရရှိခဲ့ပြီး MA-1 ၆လက်၊ MA-3 ၄လက်၊ MA-4 တစ်လက်၊ သံခမောက် ၅ လုံး၊ ကျည်ကာ ၄ စုံ၊ MA-1 ကျည်ဘောက် ၁၅ခု၊ အီနာဂါ MAခွဲဗုံး ၅လုံး၊ MA ကျည်ဆန် ၂၀၇ တောင့်၊ M-79 ဗုံးသီး၁၈လုံး၊ ခေါက်ဆိုလာ တစ်ခု၊ စကားပြောစက် တစ်လုံး နှင့် ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ၃၊ တပ်ရင်း ၈ ကဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်း ကေအဲန်ယူဗဟို ကထုတ် ပြန်ထားသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


စာတည်း- ML