မြန်မာစစ်အုပ်စုက အွန်လိုင်းပေါ်ဆက်ရှိရေး ကြိုးပမ်းနေချိန်တွင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း များနှင့် ဝါဒဖြန့်အကောင့် ၁၀၀ ကျော်ကို Facebook က ဖယ်ရှားလိုက်ကြောင်း သိရသည်။
Justice For Myanmar က တိုင်ကြားခဲ့ပြီးနောက် Facebook သည် Mytel နှင့် ၎င်း၏ အရောင်း ကိုယ်စားလှယ်များ၊ MECtel အရောင်းကိုယ်စားလှယ်များ ပိုင်ဆိုင်သည့် စာမျက်နှာများ၊ ပရိုဖိုင်း အကောင့်များ၊ ဂရုဖ်များနှင့် MRTV နှင့် MWD တို့၏ ဝါဒဖြန့်ချိမှုများကို ဖြန့်ဖြူးနေသည့် အကောင့် များ အပါအဝင် စုစုပေါင်း ၁၀၉ ခုအား ဖယ်ရှားခဲ့ကြောင်း သိရသည်။
ယင်း အရေးယူဆောင်ရွက်မှုသည် Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta က ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့သည့် စစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာများအပေါ် ပိတ်ပင် သည့်မူဝါဒအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Justice For Myanmar ကဆိုသည်။
“မြန်မာ့နွေဦးမှာ JFM က အကောင်းဆုံးထည့်ဝင်ပေးနိုင်နေတာ တွေ့ရတယ်။NUGအစိုးရအနေနဲ့ JFM တို့လို Blood Money တို့လို အရပ်ဖက်အဖွဲ့တွေနဲ့ တိုင်ပင်နှီးနှောပြီး နိုင်ငံတကာပိတ်ဆို့မှုတွေ ထိရောက်စေဖို့ လမ်းကြောင်းတွေကို အဖြေရှာသင့်တယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါး ရှင်တစ်ဦးက MPAသို့ပြောသည်။
Facebook သည် Mytel နှင့် အခြားစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၏အကောင့်များကို အကြိမ် ကြိမ် ဖယ်ရှားခဲ့သော်လည်း စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများသည် ထုတ်ကုန်များနှင့် ဝန်ဆောင်မှု များကို ကြော်ငြာရောင်းချနိုင်ရန်အတွက် နာမည်အမျိုးမျိုးပြောင်းလဲကာ ဖော်ထုတ်ခံရနိုင်မှုကို ရှောင် ရှားလျက် ပြန်လည်ပေါ်ထွက်လာလေ့ရှိကြောင်း JFM ကထုတ်ပြန်သည်။
စစ်အုပ်စုဝါဒဖြန့်ချိရေးချန်နယ်များကို အခြားလူမှုမီဒီယာပလက်ဖောင်းများကလည်း ဖယ်ရှားထား သဖြင့် ၎င်းတို့၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နိုင်စွမ်းနှင့် အမုန်းစကားများနှင့် သတင်းအမှားများ ဖြန့်ဝေနိုင်စွမ်းကို ကန့်သတ်နိုင်ခဲ့ကြောင်း သိရသည်။
Mytel နှင့် MECtel တို့သည် စစ်ရာဇဝတ်ကောင်နှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ ထိန်းချုပ်မှုအောက်ရှိ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ အစိတ်အပိုင်း ဆက်သွယ်ရေးကွန်ရက်များဖြစ်ပြီး MEC ကို အီးယူ၊ ယူကေ၊ အမေရိကန် ပြည်ထောင်စု၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားကြောင်း သိရသည်။
ယင်းဆက်သွယ်ရေးကွန်ရက်နှစ်ခုသည် စစ်တပ်အတွက် အခွန်ဝင်ငွေများ ရှာဖွေပေးနေသည့်အပြင် ယင်းတို့အား ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးတွင်လည်း အသုံးပြုလျက်ရှိပြီး၊ စစ်အုပ်စု ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကို အားပေးကူညီလျက်ရှိသည်။
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲမတိုင်မီ MRTV ကို ဗီဒီယိုထုတ်လွှင့်သည့် ပလက်ဖောင်း များဖြစ်သော Twitch နှင့် Kick တို့မှ ဖယ်ရှားခဲ့ပြီး၊ MWD ကိုမူ TikTok မှ ဖယ်ရှားခဲ့ကြောင်း သိရသည်။
သို့သော်၊ မြန်မာစစ်အုပ်စု၏ အွန်လိုင်းတည်ရှိမှုကို ပိတ်ပင်ရန်အတွက် ပိုမိုထိရောက်သော အရေးယူဆောင်ရွက်ချက်များ လိုအပ်နေဆဲဖြစ်ကြောင်း JFM ကဆိုသည်။
Alphabet၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့်လည်း မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွား ရေးလုပ်ငန်းများကို မိမိတို့၏ပလက်ဖောင်းများပေါ်မှ ပိတ်ပင်တားဆီးရန် Justice For Myanmar ကတောင်းဆိုသည်။
စာတည်း-ML
